(၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့အခမ်းအနားကျင်းပ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများတက်ရောက်ချီးမြှင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့အခမ်းအနားကျင်းပ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများတက်ရောက်ချီးမြှင့်

 


MNP - နိုင်ဝင်ဘာ   ၈


နှစ်စဉ်ကျင်းပမြဲဖြစ်ပြီး ကရင်တိုင်းရင်းသားလူမျိုးများ၏ နေ့ထူးနေ့မြတ်အဖြစ် မြတ်နိုးတန်ဖိုးထားသော (၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့အခမ်းအနားကို ယမန်နေ့ နံနက် ၆ နာရီခွဲခန့် ကရင်ပြည်နယ် အစိုးရအဖွဲ့ရုံးရှေ့ မြက်ခင်းပြင်၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ တက်ရောက်ချီးမြှင့်ခဲ့ကြသည်။


အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်မန်းငြိမ်းမောင်၊ စောဒန်နီရယ်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ဦးမြင့်ကြိုင်၊ ဒေါက်တာပွင့်ဆန်း၊ ဦးမင်းသိန်းဇံ၊ ဒေါက်တာ သက်သက်ခိုင်၊ ဦးစောထွန်းအောင်မြင့်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်အစိုးရအဖွဲ့ဝင်များ၊ ကရင်အမျိုး သားအစည်းအရုံး(KNU)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်/ ကရင်အမျိုးသားအစည်းအရုံး (ငြိမ်းချမ်းရေးကောင်စီ) KNU/KNLA(PC)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF)တို့မှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ မြို့မိမြို့ဖများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ခဲ့ကြပြီး သဘာပတီအဖွဲ့ဝင်များနေရာယူအပြီးတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများနှင့် ရဲဘော်အပေါင်းတို့အား အလေးပြုကြသည်။


ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှပေးပို့သည့် ၂၀၂၂ ခုနှစ် (၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်သဝဏ်လွှာကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် မန်းငြိမ်းမောင်က ဖတ်ကြားပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက နှုတ်ခွန်းဆက်အမှာစကားပြောကြားသည်။


ယင်းနောက် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင် က 90 W ဆိုလာ ၁၀၀ စုံ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက Outdoor Fitness  ၁၀ စုံ၊ ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း အားကစားပစ္စည်းများကို ကရင်ပြည်နယ်ဝန်ကြီးချုပ်ထံ ထောက်ပံ့ပေးအပ်သည်။


ဆက်လက်၍ ၂၀၂၂ ခုနှစ် (၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် မုခ်ဦးနှင့်ပြခန်းများ ဖွင့်ပွဲ အခမ်းအနားကိုကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် မန်းငြိမ်းမောင်၊ စောဒန်နီရယ်၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးစော ထွန်းအောင်မြင့်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ် မြတ်သက်ဦး၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ဒူးပလာယာခရိုင်ဥက္ကဋ္ဌ ပဒိုရွှေမောင်း၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ဘားအံခရိုင်ဥက္ကဋ္ဌပဒိုအောင်မော်ဧ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်/ကရင်အမျိုးသား အစည်း အရုံး (KNU/KNLA(PC) ဒုတိယဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူး၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်(ငြိမ်း)ဦးဇော်မင်းနှင့် မြို့မိမြို့ဖ ဦးစောအောင်ပွင့်တို့က (၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် မုခ်ဦးနှင့်ပြခန်းများကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်မန်းငြိမ်းမောင်က (၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် မုခ်ဦးအား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်မန်းငြိမ်းမောင်မှဦးဆောင်၍ ပြည်ထောင်စုဝန်ကြီးများ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တိုင်းရင်းသားလက်နက်ကိုင်ငြိမ်းချမ်းရေး အဖွဲ့အစည်းများနှင့် တက်ရောက်လာသူများက (၆၇)နှစ်မြောက်ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် အနေဖြင့် ကရင်ပြည်နယ်ကြီး ငြိမ်းချမ်းသာယာစည်ပင်ဝပြောပါစေကြောင်း (၃)ကြိမ်ရွတ်ဆိုကြွေးကြော်(ဆုတောင်း)၍ ငြိမ်းချမ်းရေးဂျိုးဖြူငှက်(၆၇)ကောင်ကို လွှတ်တင်ပေးခဲ့ကြသည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ကရင်ပြည်နယ် ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တိုင်းရင်းသား လက်နက်ကိုင် ငြိမ်းချမ်းရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် အခမ်းအနားသို့ တက်ရောက်လာသော တိုင်းရင်းသားပြည်သူများက ဒေသဖွံ့ဖြိုးရေးဌာနဆိုင်ရာပြခန်းများ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုပြခန်းများ၊ ဒေသထွက်ကုန်အရောင်း ပြခန်းများ၊ အသေးစား၊ အငယ်စား၊ အလတ်စား စက်မှုလက်မှုပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။


ဆက်လက်၍ (၆၇)နှစ်မြောက်ကရင်ပြည်နယ်နေ့ကိုဂုဏ်ပြုသောအားဖြင့် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ ပန်းမန်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနပြခန်း၌ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ယခုကဲ့သို့ ပြပွဲပြိုင်ပွဲများပြုလုပ်ပေးခြင်းသည် ပြည်နယ်အတွင်း စိုက်ပျိုးထုတ်လုပ်မှုအခြေအနေ၏ ပြယုဒ်တစ်ခုဖြစ်သကဲ့သို့ ဒေသခံတောင်သူများအတွက် အခွင့်အလမ်းတစ်ခုဖြစ်ပါကြောင်း၊ သီးနှံအမျိုးအစားအလိုက် အုပ်စု(၄)စုခွဲခြားထားပြီး သီးနှံအမျိုးအစားပေါင်း ၄၀ ခန့်လာရောက် ယှဉ်ပြိုင်ကြကြောင်း၊ တန်ဖိုးမြှင့်သီးနှံများ ဈေးကွက်အလားအလာရှိသည့်သီးနှံများကို ထုတ်လုပ်နိုင်မှသာ ဒေသတွင်းဝမ်းစာဖူလုံပြီး ပိုလျှံသည်များကိုရောင်းချခြင်းဖြင့် ဝင်ငွေတိုးတက်ရရှိလာမည်ဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် ဆုများကိုပေးအပ်ချီးမြှင့်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်မန်းငြိမ်းမောင်၊ စောဒန်နီရယ်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ဦးမြင့်ကြိုင်၊ ဒေါက်တာပွင့်ဆန်း၊ ဦးမင်းသိန်းဇံ၊ ဒေါက်တာ သက်သက်ခိုင်၊ ဦးစောထွန်းအောင်မြင့်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦးတို့က ငှက်ပျော၊ သင်္ဘော၊ ပိန္နဲ၊ ကျွဲကော၊ မာလကာ၊ ပီလောပီနံ၊ ရွှေဖရုံ၊ နာနတ်၊ ပဲလင်းမြွေ၊ အုန်း သီးနှံပထမဆုရရှိသူများအား ဂုဏ်ပြုဆုများ အသီးသီး ပေးအပ် ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။


သတင်း - စောမျိုးမင်းသိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)