ပွင့်ဖြူမြို့နယ် မုန်တောကြီးကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်နေမှုအား လုပ်ငန်းအရည်အသွေးပြည့်မီရေးနှင့် အချိန်မီ ပြီးစီးရေး တာဝန်ရှိသူများအဖွဲ့ ကွင်းဆင်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ် မုန်တောကြီးကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်နေမှုအား လုပ်ငန်းအရည်အသွေးပြည့်မီရေးနှင့် အချိန်မီ ပြီးစီးရေး တာဝန်ရှိသူများအဖွဲ့ ကွင်းဆင်းကြည့်ရှုစစ်ဆေး



MNP - နိုဝင်ဘာ  ၁၅


မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဒေသခံတောင်သူများ သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၂၂ -၂၀၂၃ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ပွင့်ဖြူမြို့နယ် မုန်တောကြီးကျေးရွာ  ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်နေမှုအား လုပ်ငန်းအရည်အသွေး ပြည့်မီ ရေးနှင့် အချိန်မီပြီးစီးနိုင်ရေး ယမန်နေ့က မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ၌ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်နှင့် ဝန်ထမ်းများအဖွဲ့က ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြု ရန်ပုံငွေကျပ် ၃၁ ဒသမ ၅ သန်းဖြင့် ကျေးလက်ကုန်ထုတ်လမ်းအရှည်ပေ ၆ ဖာလုံခွဲအား လမ်းအကျယ် ၁၂ ပေ၊ တစ်ပေ ကိုးလက်မထု ကျောက်ရောမြေခင်း၍ မြေနီကျောက်စရစ်ခင်းခြင်းနှင့် အကျယ်အဝန်း (၁၈'×၆'×၆') Slab Culvert (၁)စင်းနှင့် အကျယ်အဝန်း(၁၈'×၃'×၃') Slab Culvert (၁)စင်း တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေအား သတ်မှတ်လုပ်ငန်း အရည်အသွေး ပြည့်မီမှု ရှိ/ မရှိ တိုင်းတာစစ်ဆေးခဲ့ကြသည်။ ထို့နောက် တင်ဒါစနစ်ဖြင့် တာဝန်ယူ ဆောင်ရွက်သည့် မကွေးမြို့၊ Shwe Group ကုမ္ပဏီမှ တာဝန်ခံအင်ဂျင်နီယာများက ကျေးလက်ကုန်ထုတ်လမ်းအား အချိန်မီ ပြီးစီးနိုင်ရေးအတွက် ဆောင်ရွက်ရန်ကျန်ရှိသည့် လုပ်ငန်းများအပေါ် ပစ္စည်းစုဆောင်းထားရှိမှုနှင့် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြရာ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများအဖွဲ့က ကျေးလက်ကုန်ထုတ်လမ်းအား ဒေသခံတောင်သူများ ရေရှည်အသုံးပြုသွားလာနိုင် အောင် သတ်မှတ်စံချိန်စံညွှန်းများအတိုင်း အလေးထားဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားသည်။


ပွင့်ဖြူမြို့နယ် မုန်တောကြီးကျေးရွာရှိ ဒေသခံတောင်သူများ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ကျေးလက်ကုန်ထုတ်လမ်းမှာ ယခုအခါ ၅၅ ရာခိုင် နှုန်းခန့် ဖောက်လုပ်ပြီးစီးသွားပြီဖြစ်ကာ ယင်းကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးပါက ကျေးရွာရှိ အိမ်ခြေ ၁၄၁၃ အိမ်၊ လူဦးရေ ၆၅၅၁ ဦး၏ စိုက်ပျိုးမြေ ၄၀၀ ဧကမှ ထွက်ရှိသော သီးနှံထွက်ကုန်များကို ဈေးကွက်သို့ အလွယ်တကူလျင်မြန်စွာ သယ်ယူပို့ဆောင်ရောင်းချနိုင်မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင် ထံမှသိရသည်။


သတင်း - လှိုင်ဝင်းလေး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)