ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပြန်လည်စေလွှတ်ခဲ့သည့် မြန်မာနိုင်ငံသားများအား သွားရောက်တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပြန်လည်စေလွှတ်ခဲ့သည့် မြန်မာနိုင်ငံသားများအား သွားရောက်တွေ့ဆုံ



MNP - နိုဝင်ဘာ  ၇


တရုတ်ပြည်သူ့သမ္မတနိုင်ငံမှတစ်ဆင့် ကန်ပိုက်တီနယ်စပ်ဂိတ်သို့ ပြန်လည်လွှဲပြောင်းလာသော နေရပ်ပြန်မြန်မာနိုင်ငံသားများအား ကချင်ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် မြစ်ကြီးနားမြို့၌ ခေတ္တစခန်းသွင်းနေရာချထားပေးခဲ့ရာ ယမန်နေ့ ညနေ ၃ နာရီက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်ဇနီး ဒေါ်နန်ဆိုင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်တွေ့ဆုံအားပေး ထောက်ပံ့ခဲ့ကြ သည်။


ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ သီတာရပ်ကွက်ရှိ ခရိုင်အားကစားနှင့်ကာယပညာ ဦးစီးဌာနပိုင် မိုးလုံလေလုံအားကစားခန်းမ၌ နေရပ်ပြန်အမျိုးသား (၉၅) ဦးတို့အား ခေတ္တစခန်းသွင်းထားရှိရာနေရာသို့ သွားရောက်ကာ ပြည်နယ်ဝန်ကြီးချုပ်က အခက်အခဲမျိုးစုံကျော်ဖြတ်ခဲ့ပြီး မိမိတို့နိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်သည့်အတွက် စိတ်ပျက်ဝမ်းနည်းမနေဘဲ မိမိတို့၏ဘဝကို ရှေ့ဆက်အကောင်းဆုံး ရင်ဆိုင်ဖြတ်ကျော်ကြရန်လိုကြောင်း ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးပြောကြားခဲ့သည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ပြည်တော်ပြန်များအတွက် မုန့်၊ အချိုရည်ဘူးများ၊ ဆပ်ပြာခဲ၊ တစ်ရှူး၊ လက်ဆေးရည်ဘူးနှင့် ထောက်ပံ့ငွေများကို တစ်ဦးချင်းစီ အတွက် လိုက်လံဝေငှထောက်ပံ့ပေးအပ်ခဲ့ကြသည်။


ထိုမှတစ်ဆင့် မြစ်ကြီးနားပြည်သူ့ဆေးရုံဝင်းအတွင်း အရိုးကုသဆောင်၌ နေရပ်ပြန်အမျိုးသမီး (၅၃) တို့အား သွားရောက် တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး ဒေါ်နန်ဆိုင်းတို့က အားပေးစကား ပြောကြားကာ နေရပ်ပြန်အမျိုးသမီးများအတွက် မုန့်၊ အချိုရည်ဘူး၊ ဆပ်ပြာခဲ၊ တစ်ရှူး၊ လက်ဆေးရည်ဘူးများနှင့် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ကိုယ်ဝန်ဆောင်မိခင် ၆ ဦးတို့အတွက် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့သည်။


အဆိုပါ နေရပ်ပြန်များကို ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ကန်ပိုက်တီနယ်စပ်ဂိတ်မှတစ်ဆင့် ပြန်လည်ခေါ်ယူခဲ့ကြပြီး အဆိုပါစခန်းများတွင် ခေတ္တတည်းခိုနေထိုင်စေကာ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးခြင်း၊ ကာကွယ်ဆေးများထိုးနှံပေးခြင်း၊ အစားအသောက်များ စီစဉ်ဆောင်ရွက်ပေးခြင်းတို့အပြင် အဆိုပါ နေရပ်ပြန်အမျိုးသား (၉၅)ဦး၊ အမျိုးသမီး (၅၃)ဦးတို့အား ၎င်းတို့၏ နေရပ် မြို့များသို့ နိုဝင်ဘာ ၇ ရက်နေ့တွင် ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)