ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ ဖူးစားပြောင်း ဈေးကောင်းရရှိ၍ ဆောင်းသီးနှံဖူးစားပြောင်း အားထားစိုက်ပျိုး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ ဖူးစားပြောင်း ဈေးကောင်းရရှိ၍ ဆောင်းသီးနှံဖူးစားပြောင်း အားထားစိုက်ပျိုး



MNP - နိုဝင်ဘာ   ၁၂


မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် အောက်တိုဘာလအတွင်း ရွာသွန်းခဲ့သည့်မိုးဖြင့် ဆောင်းသီးနှံ ဖူးစားပြောင်းများ စတင်စိုက်ပျိုးလုပ်ကိုင်နေကြကြောင်းသိရပြီး ယခုနှစ်တွင် ဖူးစားပြောင်းများ ဈေးကောင်းရရှိနေ၍ ဒေသခံတောင်သူများက အားထားစိုက်ပျိုးလုပ်ကိုင်ကြကြောင်း ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာမှ ဒေသခံတောင်သူများထံမှ သိရသည်။


ပွင့်ဖြူမြို့နယ်အတွင်းရှိ အညာကျေးလက်နေ တောင်သူများသည် စိုက်ပျိုးရေးလုပ်ငန်းကို တစ်နှစ်ပတ်လုံး စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြပြီး ယခုလို ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံများဖြစ်သည့် နှမ်း ၊ မြေပဲ ၊ နေကြာ ၊ ပန်းနှမ်းနှင့် ပဲတီစိမ်း ၊ ထောပတ်ပဲ ၊ ကုလားပဲ ၊ စားတော်ပဲ ၊ ဖူးစားပြောင်း ၊ ကြက်သွန် စသည့် သီးနှံများကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင် ကြကြောင်း သိရကာ ယခုနှစ်တွင် ဖူးစားပြောင်းသီးနှံမှာ ဈေးကောင်းရရှိနေ၍ ဒေသခံတောင်သူများက အေက်တိုဘာလက ရွာသွန်းခဲ့သည့်မိုးဖြင့် ဆောင်းသီးနှံဖူးစားပြောင်းကို အားထားစိုက်ပျိုးလုပ်ကိုင် လျက်ရှိကြောင်း သိရသည်။


"ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်က စိုက်ပျိုးရေအဆင်ပြေတော့ အညာကျေးလက်ဒေသတွေမှာ တောင်သူတွေက စိုက်ပျိုးရေးလုပ်ငန်းကို (နွေ ၊ မိုး ၊ ဆောင်း) တစ်နှစ်ပတ်လုံး စိုက်ပျိုးလုပ်ကိုင်ကြပါတယ်။  အဓိက စိုက်ပျိုးတဲ့ သီးနှံတွေကတော့ စပါး ၊ နှမ်း ၊ မြေပဲ ၊ နေကြာ ၊ ပန်းနှမ်း ၊ ပဲတီစိမ်း ၊ ထောပတ်ပဲ ၊ ကုလားပဲ ၊ ဖူးစားပြောင်း စတဲ့ သီးနှံများကို စိုက်ပျိုးကြပါ တယ်။ ခုလို ဆောင်းရာသီကတော့ နှမ်း၊ မြေပဲ၊ နေကြာ၊ ပန်းနှမ်းနှင့် ပဲတီစိမ်း ၊ ထောပတ်ပဲ ၊ ကုလားပဲ ၊ စားတော်ပဲ ၊ ဖူးစားပြောင်း၊ ကြက်သွန်တို့ကို စိုက်ပျိုးကြတာ ဖြစ်ပါတယ်။ ဒီနှစ်ဆိုရင် ဖူးစားပြောင်းသီးနှံက ဈေးကောင်းရရှိနေလို့ တောင်သူအများစုက ပြီးခဲ့တဲ့ အောက်တိုဘာလက ရွာသွန်းခဲ့တဲ့မိုးနဲ့ ဆောင်းသီးနှံ ဖူးစားပြောင်းကို စိုက်ပျိုးလုပ်ကိုင်နေကြတယ်။ ဖူးစားပြောင်းက ယခင်နှစ်တွေက တစ်ဖူးကို ငွေကျပ် ၁၀၀ ၊ ၁၅၀ လောက်ပဲ ရောင်းရတယ် ၊ ဒီနှစ်မှာ တစ်ဖူးကို ငွေကျပ် ၂၅၀၊ ၃၀၀ ဈေးနဲ့ ရောင်းချနေရတော့ ဖူးစားပြောင်း စိုက်ပျိုးတောင်သူတွေအတွက် သီးနှံဝင်ငွေ ပိုမိုအကျိုးအမြတ် ရရှိတယ်ဗျ။ ဒါ့ကြောင့် ဒေသခံတောင်သူတွေက ဖူးစားပြောင်းသီးနှံကို အားထားစိုက်ပျိုး လုပ်ကိုင် ကြတာပါ။ နောက်ပြီး ဖူးစားပြောင်း သီးနှံစိုက်ပျိုးရတာက ပြောင်းဖူးကို ရောင်းလို့ရတဲ့အပြင် အပင်ကိုလည်း ကျွဲ၊ နွား တိရစ္ဆာန်အစာအဖြစ် ရောင်းချရတော့ စီးပွားရေး တွက်ခြေကိုက်တယ်ဗျ။ စိုက်ပျိုးတဲ့ ဖူးစားပြောင်းမျိုးတွေကတော့ အရပ်ခေါ် ပန်ရွှေသံကြားပြောင်း၊ သက်လတ်ပြောင်း၊ ရိုးရိုး သံကြားပြောင်းစသဖြင့် စိုက်ပျိုးကြပါတယ်"ဟု ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာမှ ဒေသခံ တောင်သူဦးကျော်ဆန်းက ပြောသည်။


ပွင့်ဖြူမြို့နယ် အညာကျေးလက်နေ တောင်သူများသည် စိုက်ပျိုးရေ အဆင်ပြေသည့်အတွက် တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ် လုပ်ကိုင်ကြပြီး စိုက်ပျိုးသည့် သီးနှံ စိုက်ခင်းများမှာလည်း အောင်မြင်ဖြစ်ထွန်း၍ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။  


သတင်း - လှိုင်ဝင်းလေး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)