MNP - နိုဝင်ဘာ ၇
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့ ဝမ်တာကြန့်ကျေးရွာအုပ်စု၊ ဝမ်ကျိုင်းကျေးရွာ၏အနောက်ဘက် ဆရာတော်အရှင်ခန္တိကော သီတင်းသုံးတော်မူသည့် ဝပ်ဇလီကြွမ်းခမ်းကျောင်းရှိ ဝပ်ဇလီကြွမ်းခမ်းစေတီတော်မြတ်ကြီးအား ရွှေထီးတော်တင်အလှူမင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်းတိုက်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါ ရွှေထီးတော်တင်လှူမှုအား တာချီလိတ်မြို့နယ်၊ ကျိုင်းတုံမြို့နယ်၊ မိုင်းယောင်းမြို့နယ်နှင့် မိုင်းယုမြို့တို့မှ အလှူရှင်ဥပါသကာများက စေတီတော်ကြီးထီးတော်တင်မည် ရတနာစိန်ဖူးတော်၊ ရွှေထီးတော်၊ ရွှေငှက်မြတ်နားတော်တို့အား စေတီတော်ပရဝဏ်အတွင်း လက်ယာရစ်လှည့်လည်ပူဇော်ကြခြင်းပြီး နောက်ဆရာတော် အရှင်ခန္တိကောနှင့်တကွ သံဃာတော်အရှင်သူမြတ်များက ရတနာစိန်ဖူးတော်၊ ရွှေထီးတော်၊ ရွှေငှက်မြတ်နားတော်တို့အား ပရိတ်တရားတော်များရွတ်ဖတ်ပြီး ပန်းရထားဖြင့်ပင့်ဆောင်ကာ စေတီတော်အထက်တွင် တည်ထားကိုးကွယ်တော်မူကာ ရတနာရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးပေးခဲ့ကြသည်။
ထို့နောက် ထီးတော်တင်လှူမှုအပြီး အလှူရှင်ဥပါသကာများက သံဃာတော်အရှင်သူမြတ်များအား ဆွမ်းဆန်စိမ်းလောင်းလှူကြခြင်း၊ ကျောင်းတိုက်အတွင်း တရားတော်များနာကြားကြခြင်းနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှဝေခဲ့ကြကာ ရွှေထီးတော်တင်အလှူမင်္ဂလာအခမ်းအနားကို ရုတ်သိမ်းခဲ့ကြကြောင်းသိရသည်။
သတင်း - ကိုကိုနိုင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment