မြန်မာ-တရုတ် ကုန်စည်စီးဆင်းရာတွင် ပိုမိုလွယ်ကူ မြန်ဆန်ချောမွေ့စေရေးအတွက် ကုန်စည်တင်/ပို့ယာဉ်များ စနစ်တကျ ကြပ်မတ်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာ-တရုတ် ကုန်စည်စီးဆင်းရာတွင် ပိုမိုလွယ်ကူ မြန်ဆန်ချောမွေ့စေရေးအတွက် ကုန်စည်တင်/ပို့ယာဉ်များ စနစ်တကျ ကြပ်မတ်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ


MNP ၊ နိုဝင်ဘာ ၁၀

ကချင်ပြည်နယ်အတွင်းမှ နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်သည့် ကန်ပိုက်တီနယ်စပ် ကုန်သွယ်ရေးစခန်းနှင့် လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေးစခန်းများမှတစ်ဆင့် စိုက်ပျိုးရေး ထုတ်ကုန်များအပါအဝင် မြန်မာ-တရုတ် ကုန်စည်စီးဆင်းရာတွင် ပိုမိုလွယ်ကူ မြန်ဆန်ချောမွေ့စေရေးအတွက် ကုန်စည်တင်/ပို့ယာဉ်များ စနစ်တကျ ကြပ်မတ်ဆောင်ရွက်နိုင်ရေး ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနှင့် ကချင်ပြည်နယ် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များ အသင်းတာဝန်ရှိသူများနှင့် ယမန်နေ့နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြသည်။

ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နှစ်နိုင်ငံကုန်စည်စီးဆင်းမှု လုပ်ငန်းဖြစ်သည့်အတွက် မိမိတို့ အစိုးရအဖွဲ့အနေဖြင့် ကုန်စည်စီးဆင်းမှု လွယ်ကူချောမွေ့စေရေး လုပ်ငန်းကော်မတီအဆင့်ဆင့်နှင့် အသင်းအဖွဲ့များ ပါဝင်သည့် ကချင်ပြည်နယ်ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များအသင်းတို့ကို ဖွဲ့စည်းပြီး ပေါင်းစပ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ပြည်နယ်၏ အဓိက ထုတ်ကုန် စိုက်ပျိုးရေးသီးနှံများဖြစ်သည့်အတွက် အချိန်နှင့် တစ်ပြေးညီ တင်ပို့နိုင်ရေးကို အလေးထား လုပ်ဆောင်သွားရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် နှစ်နိုင်ငံ ကုန်စည်များ ဖလှယ်ရာတွင် လည်းကောင်း၊ ကုန်စည်များ တင်/ပို့ရာတွင် လည်းကောင်း ကုန်တင်ယာဉ်များ ကြပ်မတ်ဆောင်ရွက်ရာတွင် ပိုမိုအားကောင်းလာစေရေး မော်တော်ယာဉ် ကြီးကြပ်ရေးကော်မတီ အဆင့်ဆင့်ကို ဖွဲ့စည်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်းနှင့် ကုန်သွယ်မှုလုပ်ငန်းများ ပိုမို အားကောင်းခိုင်မာလာပြီး ဒေသတွင်းလုပ်ငန်းရှင်များ နစ်နာမှုမရှိစေရေး ဥပဒေလုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ ကြန့်ကြာမှုမရှိစေရေးကို အားလုံးက ဝိုင်းဝန်းပူးပေါင်း ကြိုးပမ်း ဆောင်ရွက်ကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်နယ် မြန်မာ-တရုတ်ကုန်စည်ပြန်လည်စီးဆင်းနိုင်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေနှင့် ဒုတိယဥက္ကဋ္ဌ ပြည်နယ်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးကျော်မင်းခိုင်တို့က နယ်စပ်ကုန်သွယ်ရေးစခန်းများမှတစ်ဆင့် ကုန်စည်တင်/ပို့ရာတွင် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးလျက်ရှိသည့်ကိစ္စရပ်များနှင့် ကုန်တင်ယာဉ်များ စစ်ဆေးဆောင်ရွက် ခွင့်ပြုပေးလျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် တက်ရောက်လာကြသည့် ကချင်ပြည်နယ် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များ အသင်း၊ သီးနှံစိုက်ပျိုးထုတ်လုပ်သူများအသင်း၊ ကုန်စည်ပို့ ဆောင်ရေးအသင်းများမှ တာဝန်ရှိသူများ က တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ ကုန်သည်လုပ်ငန်းရှင်များအသင်းနှင့် ညှိနှိုင်းချိတ်ဆက်ဆောင်ရွက် လျက်ရှိသည့် အခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါ စနစ်တကျ ကာကွယ်ထိန်းချုပ်၍ ကုန်စည်ပို့ဆောင် နိုင်ခဲ့မှုအခြေအနေများ၊ ကုန်စည်ဖလှယ်တင်ပို့ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများနှင့် ညှိနှိုင်း ဆောင်ရွက်ပေးရမည့်ကိစ္စရပ်များကို တင်ပြဆွေးနွေးခဲ့ကြရာ ဆွေးနွေးမှုများအပေါ် ပြည်နယ် ဝန်ကြီးချုပ်က ကုန်စည်များစနစ်တကျ တင်/ပို့ဖလှယ်နိုင်ရေး မော်တော်ယာဉ်ကြီးကြပ်ရေးကော်မတီများ အဆင့်ဆင့်ဖွဲ့စည်း၍ စနစ်တကျ ထိန်းချုပ်ဆောင်ရွက်နိုင်ရေးလို အပ်သည်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

အလားတူ မွန်းလွဲပိုင်းတွင် အဆိုပါ အစည်းအဝေးခန်းမ၌ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန် လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ ပြည်နယ်အဆင့်ကော်မတီ အဖွဲ့ဝင်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ကြသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်အဆင့်ကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးအတွက် အမျိုးသားအဆင့် ကော်မတီ၏ ညွှန်ကြားချက်နှင့်အညီ ပြည်နယ်အတွင်းရှိ ဘာသာရေးအသင်းအဖွဲ့များ၊ INGO၊ NGO အဖွဲ့အစည်းများနှင့် ပေါင်းစပ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ နေရပ်စွန့်ခွာပြည်သူများအား မူလနေရပ်သို့ ပြန်လည်ပြောင်းရွှေ့နေထိုင်နိုင်ရေးနှင့် ပြန်လည်နေရာချထားရေးအတွက် ကဏ္ဍအလိုက် ဦးစား‌ပေးဆောင်ရွက်သွားရမည်ဖြစ်သည့်အတွက် လိုအပ်သည်များကို အထိရောက်ဆုံးနှင့်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေး ယနေ့အစည်းအဝေးတွင် ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးပေးကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်နယ်အဆင့်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကြည်လင်းက အမျိုးသားအဆင့်ကော်မတီမှ ညွှန်ကြားချက်များနှင့် ပြည် နယ်အတွင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ရန်ပုံငွေသုံးစွဲမှုနှင့် နေအိမ်များပြုပြင်တည်ဆောက်ပေးလျက်ရှိသည့် အခြေအနေ များကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ပြည်နယ်အဆင့်ကော်မတီအဖွဲ့ဝင်များနှင့် ဘာသာရေးခေါင်းဆောင်များက ခရိုင်၊ မြို့နယ်များအလိုက် နေရပ်စွန့်ခွာစခန်းနေပြည်သူများ မူလ နေရပ်များတွင် ပြန်လည်ပြောင်းရွှေ့နေရာချထားရေး၊ ပြန်လည်ထူထောင်ရေးစခန်းများတွင် နေအိမ်များတည်ဆောက်၍ ပြန်လည်နေရာချထားပေးနိုင်ရေး စီမံဆောင်ရွက်ထားရှိသည့် လုပ်ငန်း၊စီမံကိန်း များ၊ ဆောင်ရွက်ဆဲလုပ်ငန်းအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများကို အသီးသီးတင်ပြဆွေးနွေးခဲ့ကြသည်။

တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က နေရပ်စွန့်ခွာပြည်သူများ ပြန်လည်နေရာ ချထားပေးနိုင်ရေးအတွက် ခရိုင်၊ မြို့နယ်အလိုက် လျာထားမြေနေရာများနှင့် နေအိမ်များ ပြုပြင်တည် ဆောက်ပေးနိုင်ရေး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)