နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် အထောက်အကူပြုမည့် အရည်အချင်းပြည့်ဝသော စာရင်းပညာရှင်များဖြစ်ရန်လိုအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် အထောက်အကူပြုမည့် အရည်အချင်းပြည့်ဝသော စာရင်းပညာရှင်များဖြစ်ရန်လိုအပ်



MNP ၊ နိုဝင်ဘာ ၂

ယခုသင်တန်းကို နိုင်ငံတော်၏ ဈေးကွက်စီးပွားရေးစနစ်ကို အခြေပြု၍ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် အထောက်အကူပြုနိုင်မည့် အရည်အချင်းပြည့်ဝသည့် စာရင်းပညာရှင်များ မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်း ဖြစ်ပါကြောင်း ပြည်ထောင်စုစာရင်းစစ်ချုပ် မြန်မာနိုင်ငံ စာရင်းကောင်စီဥက္ကဋ္ဌဦးတင်ဦးက ပြောကြားသည်။


မြန်မာနိုင်ငံစာရင်းကောင်စီက ကြီးမှူးကျင်းပသည့် ဒီပလိုမာ စာရင်းကိုင် (Diploma In Accountancy - DA) (ပထမပိုင်း) သင်တန်းအမှတ်စဉ် - ၄၂ ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့က နေပြည်တော်ရှိ ပြည်ထောင်စုစာရင်စစ်ချုပ်ရုံး စုပေါင်းခန်းမ၌ ကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ်က ယင်းသို့ ပြောကြားခြင်းဖြစ်သည်။


ဆက်လက်၍ ပြည်ထောင်စုစာရင်းစစ်ချုပ်က စာရင်းပညာရှင်များသည် နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ပါကြောင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး သင်တန်းကျောင်းအနေဖြင့် စာရင်းပညာရပ်ဆိုင်ရာ သင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်ပြီး အရေအတွက်သာမက အရည်အချင်းပြည့်ဝသည့် စာရင်းပညာရှင်များကို မွေးထုတ်ပေးလျက်ရှိပါကြောင်း၊ ဒီပလိုမာ စာရင်းကိုင်သင်တန်း ပြီးမြောက် အောင်မြင်ပါက စာရင်းပညာ ကျွမ်းကျင်သူများ ဖြစ်စေမည်ဖြစ်ပြီး စာရင်းပညာရှင်ဖြစ်စေရန်အတွက် ပထမခြေလှမ်းဖြစ်သည့် အခြေခံသင်တန်းတစ်ခု ဖြစ်ပါကြောင်း။


နေပြည်တော် သင်တန်းကျောင်းတွင် ၂၀၀၉ - ၂၀၁၀ ဘဏ္ဍာရေးနှစ်မှ စတင်ဖွင့်လှစ်၍ ယခုသင်တန်းသည် (၁၃) ကြိမ်မြောက် သင်တန်းဖြစ်ပြီး ရန်ကုန်သင်တန်းကျောင်းနှင့် တစ်ပြိုင်တည်း ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတကာစာရင်း ပညာရှင်များနှင့် ရင်ပေါင်တန်း ဆောင်ရွက်နိုင်ရန်အတွက် ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်နေသည့် ကုန်သွယ်မှုစနစ်များ၊ စာရင်းပညာရပ်များနှင့် စီးပွားရေးဆိုင်ရာဥပဒေများကို သိရှိနားလည်ပြီး ကျွမ်းကျင်တတ် မြောက်အောင် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ သို့ပါ၍ သင်တန်း ၏ရည်ရွယ်ချက်နှင့် သင်တန်းမှ သင်ကြားပို့ချမည့် ဘာသာရပ် များ၏တန်ဖိုးကို သိရှိနားလည်ပြီး အလေးအနက်ထား လေ့လာဆည်းပူးလျက် နိုင်ငံတော်၏ လိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်သည့် အရည်အချင်း ပြည့်ဝသော စာရင်းပညာရှင်များ ဖြစ်စေရန် ကြိုးစားကြစေလိုပါကြောင်း မှာကြားသည်။


ထို့နောက် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး (နေပြည်တော်) သင်တန်းကျောင်း ကျောင်းအုပ်က သင်တန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပြောကြားသည်။


အဆိုပါသင်တန်းကို နေပြည်တော် သင်တန်းကျောင်းတွင် သင်တန်းသား ၂၀၀၊ မြန်မာနိုင်ငံ စာရင်းကောင်စီ၊ ရန်ကုန်သင်တန်း ကျောင်းတွင် သင်တန်းသား ၁၁၈ ဦး စုစုပေါင်း သင်တန်းသား ၃၁၈ ဦး တက်ရောက်ကြမည်ဖြစ်ပြီး ဘောဂဗေဒ၊ စီးပွားရေးသင်္ချာနှင့် စာရင်းအင်းပညာ၊ ကူးသန်းရောင်းဝယ်ရေး အထွေထွေဗဟုသုတ၊ စာရင်းရေးစာရင်း ကိုင်ပညာနှင့် စီးပွားရေးဥပဒေ ဘာသာရပ်များဖြင့် ၁၀ လကြာ ဖွင့်လှစ်သင်ကြားသွားမည် ဖြစ်ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)