မေတ္တာကြီးမားသော နစက နှင့် အမှန်တရားကို ဝန်ခံရဲသူများ ဖြစ်ကြမည်ဆိုလျှင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မေတ္တာကြီးမားသော နစက နှင့် အမှန်တရားကို ဝန်ခံရဲသူများ ဖြစ်ကြမည်ဆိုလျှင်



တပ်မတော်က တိုင်းပြည်တာဝန်တွေကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ စတင်လွှဲပြောင်း တာဝန်ယူပြီး အစိုးရအဖွဲ့ကို ဖွဲ့စဉ်ကတည်းက ပြည်ထောင်စုသား တိုင်းရင်းသားခေါင်းဆောင်များ အားလုံးပါဝင်တဲ့ ပြည်ထောင်စုအစိုးရပုံစံ ဖွဲ့စည်းခဲ့ပါတယ်။ တပ်မတော်အနေနဲ့ တာဝန်လွှဲပြောင်းရယူခဲ့ရသည့် အခြေအနေနဲ့ပတ်သက်လို့လည်း NLD ပါတီက ကျူးလွန်ခဲ့တဲ့ မဲလိမ် မဲခိုး မဲမသာမှုတွေကို မည်သူကပင် စစ်ဆေးစေလိုကာမူ စစ်ဆေးနိုင်စေရန် စာရင်းဇယားအတိအကျနဲ့ ပွင့်လင်းမြင်သာစွာ ချပြပေးခဲ့ပါတယ်။

NLD ပါတီရဲ့ မဲလိမ် မဲခိုး မဲမသမာမှု ကျူးလွန်ခဲ့တဲ့ မှတ်တမ်းများကို စာအုပ်စာစောင်များ၊ DVD ဒေတာမှတ်တမ်းများနဲ့ နိုင်ငံတကာ သံတမန်များအားလုံးကို ဖိတ်ကြားဖြန့်ဝေပေးခဲ့တာလည်း ၃ကြိမ်ထက် မနည်းပါဘူး။ သို့ပေသော် အမေရိကန် ဦးဆောင်တဲ့ အနောက်အုပ်စုဟာ မြန်မာနိုင်ငံအပေါ်မှာ အစဉ်သဖြင့် အတိဒုက္ခစေလိုတဲ့ ရည်ရွယ်ချက်က ရှိနှင့်ပြီးဖြစ်တဲ့အပြင် NLD ဆိုတာ သူတို့ကြိုးဆွဲရာကမယ့် ရုပ်သေးအစိုးရမျိုး မရှိတော့တဲ့အတွက် အမှန်တရားကို လက်မခံတဲ့အပြင် ဆူပူအုံကြွမှုတွေ၊ အကြမ်းဖက်လုပ်ရပ်တွေကို မီးလောင်ရာ လေပင့်ဆိုသလို လက်နက်၊ ငွေကြေး အထောက်အပံ့တွေ ပေးခဲ့တယ်။ အကြမ်းဖက်လှုံ့ဆော်မှုမှာ ဦးဆောင်သူတွေကို ခိုလှုံခွင့်ပေးခဲ့တယ်။ NLD ဦးဆောင်သူတွေဖွဲ့စည်းခဲ့တဲ့ CRPH, NUG, PDF အကြမ်းဖက်အဖွဲ့တွေက အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေ၊ ဆရာ/ဆရာမ၊ နိုင်ငံဝန်ထမ်းတွေကို လုပ်ကြံသတ်ဖြတ်မှုပေါင်းများစွာ ကျူးလွန်နေတဲ့အပေါ် ပြစ်တင်ပြောဆိုရမယ့် အစား တပ်မတော်ကိုသာ မဟုတ်မမှန်တဲ့ အချက်အလက်တွေနဲ့ ပြစ်တင်ပြောဆိုမှု အမျိုးမျိုး လုပ်ခဲ့ကြပါတယ်။

ဒီနေရာမှာ သတိပြုမိတာ တစ်ခုက ထိုင်းနိုင်ငံမှာလည်း နိုင်ငံရေးသမားများရဲ့ လော်မာဖောက်ပြားမှုကြောင့် တပ်မတော်က အာဏာထိန်းခဲ့ရတဲ့ ဖြစ်စဉ်တွေ ရှိတယ်။ ဆူပူအုံကြွမှုတွေလည်း ရှိခဲ့တယ်။ သို့ပေသော် အကြမ်းဖက်မှုတွေအထိ ရောက်မလာဘူး။ ဒါကတော့ ထိုင်းနိုင်ငံမှာ အမေရိကန်က ခြေကုတ်ယူထားနိုင်တဲ့ အခြေအနေရှိတယ်။ ဘယ်အစိုးရ ဖြစ်စေ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေတဲ့အပေါ်မှာ ထိုင်းနိုင်ငံကိုတော့ အလုံးစုံ ကမောက်ကမ ဖြစ်အောင် ဖန်တီးခဲ့တာမျိုး မတွေ့ရဘူး။

ထိုင်းနိုင်ငံဆိုတာဟာလည်း ဗုဒ္ဓဘာသာနိုင်ငံလို့ အမည်ခံထားသည့်တိုင်အောင် အနောက်တိုင်း ယဉ်ကျေးမှုလွှမ်းမိုးခြင်း ခံထားရတဲ့ တိုင်းပြည်တစ်ခု ဖြစ်နေတာကြောင့်လည်း ထိုင်းနိုင်ငံကိုတော့ အလုံးစုံကမောက်ကမ ဖြစ်အောင် လုပ်ဆောင်ခြင်း မရှိဘူးလို့ ယူဆနိုင်ပါတယ်။

မြန်မာနိုင်ငံမှာတော့ ခိုင်မာအတောင့်တင်းဆုံးဖြစ်တဲ့ တပ်မတော်ကို ပြည်သူများက မုန်းတီးအောင် နည်းမျိုးစုံနဲ့ မှိုင်းတိုက်ကြပါတယ်။ နိုင်ငံရေးသမားတွေကို အသုံးချပြီး မှိုင်းတိုက်တယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေကို အသုံးချပြီး မှိုင်းတိုက်တယ်။ NGO တွေက တဆင့် တပ်မတော်မုန်းတီးရေး လုပ်ဆောင်တယ်။ အမျိုးသားရေးစိတ်ဓာတ် အခြေခံမရှိတဲ့ နိုင်ငံရေးသမား၊ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေဟာ ဘယ်သူသေသေ ငတေမာရင် ပြီးရောဆိုတဲ့ တပို့တည်းသမားများ စိတ်ဓာတ်နဲ့ တိုင်းရင်းသားပြည်သူအချင်းချင်း သွေးကွဲအောင် လှုံ့ဆော်တယ်။ အခု အနောက်အုပ်စုက ငွေတွေ ဘယ်လောက်တောင် ပုံပေးထားသလဲဆိုတာတော့ မပြောတတ်ဘူး။ တိုင်းရင်းသား ပြည်သူအချင်းချင်း ယုတ်မာရိုင်းစိုင်းစွာ လုပ်ကြံသတ်ဖြတ်ရုံမျှ မကတော့ဘဲ သံဃာတော်တွေကိုပါ သတ်ရဲဖြတ်ရဲတဲ့ အစွန်းရောက် အကြမ်းဖက်သမားတွေ ဖြစ်လာကြပါတယ်။

အာဏာရမ္မက်ထနေတဲ့ တပို့တည်းသမား အနောက်သြဇာခံ နိုင်ငံရေးသမားတွေက လွန်လွန်ကြူးကြူး အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်လာတဲ့အချိန်မှာ အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက်ဆိုတဲ့ တပ်မတော်ရဲ့ ရပ်တည်ချက်ဟာ ပိုပြီး ပေါ်လွင် ထင်ရှားလာတယ်လို့ မှတ်ချက်ပြုရပါလိမ့်မယ်။

တပို့တည်းသမား အနောက်သြဇာခံ နိုင်ငံရေးသမားတွေက ကိုယ့်ပြည်သူအချင်းချင်း ယုတ်မာရိုင်းစိုင်းစွာ လုပ်ကြံသတ်ဖြတ်မှုတွေ ကျူးလွန်နေတဲ့ အချိန်မှာတောင် တပ်မတော်က သူတို့တွေ အသိမှန် အမြင်မှန်ရစေဖို့ နှုတ်အားဖြင့်သာ သတိပေးနေတယ်။ တောမီးလောင် တောကြောင်လက်ခမောင်းခတ်ဆိုသလို တပို့တည်းသမားနိုင်ငံရေးသမားတွေနဲ့ ပေါင်းပြီး စီးပွားရှာချင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက အကြမ်းဖက်သင်တန်းပေး၊ အကြမ်းဖက်လုပ်ရပ်တွေမှာ ကိုယ်တိုင် ပါဝင်ကျူးလွန်နေကြတာကို သိလျက်နဲ့လည်း ငြိမ်းချမ်းရေးအတွက် လက်ကမ်းကြိုဆိုခဲ့ပါတယ်။

လက်နက်ကိုင်ပြီး စီးပွားရှာလိုတဲ့ သူတွေက ငြိမ်းချမ်းရေးလမ်းကို ဘယ်လျှောက်မလဲ။ ငွေရမယ့် လမ်းကိုပဲ လျှောက်ကြတယ်ဆိုတာ ယနေ့အချိန်မှာ မျက်နှာပြောင်တိုက်ပြီး ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေက သက်သေခံနေပါတယ်။ KNU, KNLA, KKO နဲ့ KIA တို့ဟာ NLD တွေရဲ့ အာဏာရမ္မက်ထမှုကို အကြောင်းပြုပြီး ၈၈တုန်းကလို အချိုးမျိုး ချိုးလာကြတာပါပဲ။

တပ်မတော်နဲ့အတူ လက်တွဲပြီး တိုင်းပြည်ကို ဦးဆောင်နေကြတဲ့ တိုင်းရင်းသားခေါင်းဆောင်ကြီးများရဲ့ သည်းခံနိုင်မှု၊ ခွင့်လွှတ်နားလည်ပေးမှုတွေကို အခွင့်ကောင်းယူပြီး အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများအပေါ်မှာ လွန်ကျူးသော စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့ကြတဲ့ အဖွဲ့အစည်းတွေကတော့ NLD ပါတီကနေ ပေါ်ပေါက်လာတဲ့ CRPH, NUG, PDF နဲ့ KNU,KNLA, KKO, KIA, CNF, CDF, KNPP အဖွဲ့တွေပဲ ဖြစ်ပါတယ်။


မည်သို့ပင် ဆိုစေ တပ်မတော်ခေါင်းဆောင်ကြီးများ၊ တိုင်းရင်းသားခေါင်းဆောင်ကြီးများ စုပေါင်းဖွဲ့စည်းထားတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့က အနောက်အုပ်စုရဲ့ သြဇာခံ တပို့တည်းသမားတွေရဲ့ ရက်စက်ယုတ်မာမှုတွေကို ပြင်းပြင်းထန်ထန် မတုန့်ပြန်ခဲ့ကြဘူး။ ဒါကို အပြုသဘောဆန်ဆန် ချည်းကပ်သုံးသပ်ကြည့်မယ်ဆိုရင်တော့ အနောက်အုပ်စုနဲ့ အိုအိုင်စီရဲ့ သြဇာခံတွေလိုသာ ပြင်းပြင်းထန်ထန် ပြန်လည်နှိမ်နင်းမယ်ဆိုရင် ဆုံးရှုံးရမှာက မိမိတို့တိုင်းရင်းသား ပြည်သူတွေပဲ ဖြစ်တယ်။ မိမိတို့ရဲ့ အမျိုးသားအကျိုးစီးပွားကိုပဲ ထိခိုက်မှာဖြစ်တယ်။


အနောက်သြဇာခံ တပို့တည်းသမား နိုင်ငံရေးသမားတွေရဲ့ လှုံ့ဆော်မှုကြောင့် ဆူပူအကြမ်းဖက်မှုတွေမှာ ပါဝင်ခဲ့ကြတဲ့သူတွေကို ဖြေလျှော့ပေးတယ်။ ပြန်လွှတ်ပေးတယ်။ ဥပဒေအတိုင်းသာ စီရင်ဆုံးဖြတ်မယ်ဆိုရင် အနုပညာရှင်တွေရော၊ နိုင်ငံရေးဆိုတာ ဘာမှန်းမသိဘဲ ဆဲဆိုရမ်းကားနေကြသူတွေရော ထောင်ထဲမှာပဲ ဘဝနိဂုံးချုပ်ကြရမှာဖြစ်ပါတယ်။


၉-၁၁-၂၀၂၂ ရက်နေ့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ ထုတ်ပြန်ချက်တစ်စောင်ကို တွေ့ရပါသေးတယ်။ အဲဒါကတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဟောင်း ဦးလှသိန်းနှင့် အဖွဲ့ဝင်ဟောင်း ဦးမြင့်နိုင်တို့၏ ၂၀၂၀ ပြည့်နှစ်၊ ရွေးကောက်ပွဲမဲမသမာမှုဖြစ်စဉ်နှင့်ပတ်သက်၍ ပြစ်ဒဏ်ကျခံရမှု အပေါ် ဖြေလျှော့ကင်းလွတ်ခွင့်ပြုခဲ့သည့် ထုတ်ပြန်ချက် ပဲ ဖြစ်ပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဟောင်း ဦးလှသိန်းနှင့် အဖွဲ့ဝင်ဟောင်း ဦးမြင့်နိုင် တို့ ဆိုသူတွေ ဟာ NLD အားကိုးနဲ့ အင်မတန် ခေါင်းမာခဲ့တဲ့ လူတွေဖြစ်တယ်။ မိမိတို့ ယူထားတဲ့ တာဝန်က သိက္ခာရှိရှိ ဆောင်ရွက်ရမယ့် အခန်းကဏ္ဍဖြစ်သော်လည်း NLD တစ်ပါတီရဲ့ အကျိုးအတွက် တာဝန်ထမ်းဆောင်နေသူတွေလို မျက်နှာပြောင်တိုက်ပြီး ရိုင်းစိုင်းခဲ့ကြတဲ့သူတွေဖြစ်တယ်။ ဒီလို လူတွေအပေါ်မှာတောင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြစ်ဒဏ်ကို လျှော့ပေါ့ပေးပြီး ဖြေလျှော့ ကင်းလွှတ်ခွင့်ပေးတာဟာ ကျေးဇူးတရားကို မသိတတ်တဲ့သူတွေအပေါ်မှာ ကျေးဇူးပြုပေးနေခြင်းပါပဲ။ သူတို့တွေကိုသာ မဟုတ်ပါဘူး။ မဲလိမ် မဲခိုးမှုတွေ ဖြစ်ပေါ်အောင် ၁၀၀ ရာခိုင်နှုန်း အနိုင်ရချင်တယ်ဆိုတဲ့ NLD ရဲ့ ခေါင်းဆောင် ဒေါ်စုလို အာဏာရမ္မက်ထနေသူကိုတောင် ပြစ်ဒဏ်တွေ လျှော့ပေါ့ပေးခဲ့တာ ဖြစ်ပါတယ်။ 


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က သက်ညှာတဲ့သဘောနဲ့ ဖြေလျှော့ပေးနေလို့ ကျေးဇူးတုန့်ပြန်တဲ့အနေနဲ့ ဒေါ်စု ပါးစပ်က အပြစ်မဲ့ ရဟန်းရှင်လူတွေကို ပြစ်မှတ်ထား သတ်ဖြတ်နေတဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ရပ်တန့်ကြပါတော့လို့ တစ်ခွန်းဟခဲ့တာ ရှိပါသလား။ မရှိခဲ့ပါဘူး။ ယနေ့အချိန်အထိ CRPH, NUG, PDF တို့ဟာ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက် သတ်ဖြတ်မှုတွေ ကျူးလွန်နေတာကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ကို ကျေးဇူးတုန့်ပြန်တဲ့ အနေနဲ့ မဟုတ်ဘဲ ပြည်သူများအပေါ် စာနာထောက်ထားတဲ့စိတ်နဲ့ ဒီစကားလေး တစ်ခွန်းလောက် ပြောဖို့တောင် စွန့်အနေပါတယ်။ အဲဒါ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်ကြီးပါ။


စာရေးသူအနေနဲ့ မျှော်လင့်မိတာ တစ်ခုတော့ ရှိတယ်။ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ကြီးရဲ့ ပါးစပ်က ငြိမ်းချမ်းရေးစကားသံ ထွက်မလာသည့်တိုင်အောင် ၉-၁၁-၂၀၂၂ ရက်နေ့က ပြစ်ဒဏ်ကျခံရမှု အပေါ် ဖြေလျှော့ကင်းလွတ်ခွင့်ပြုပေးခြင်း ခံခဲ့ရတဲ့  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဟောင်း ဦးလှသိန်းနှင့် အဖွဲ့ဝင်ဟောင်း ဦးမြင့်နိုင်တို့ အနေနဲ့ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကြီးမှာ မဲလိမ် မဲခိုးမှုတွေ ဖြစ်အောင် ဘယ်လို ကြိုတင်စီမံခဲ့ရသလဲ။ NLD ပါတီ မိုးပြိုအောင် အနိုင်ရစေဖို့ ဘယ်လို ကြိုးပမ်းဆောင်ရွက်ပေးခဲ့ရသလဲ။ ဒါတွေကို လိမ်ညာဖုံးကွယ်ပြီး တပ်မတော်က အာဏာလုယူပါတယ်လို့ ပြည်သူကို မှိုင်းတိုက်ပြီး တိုင်းဖျက်ပြည်ဖျက် လုပ်နေကြတာတွေကို ဦးလှသိန်း၊ ဦးမြင့်နိုင်တို့ အနေနဲ့ မိမိတို့ ကျူးလွန်ခဲ့တဲ့ မဲလိမ် မဲခိုး မဲမသမာမှုတွေအကြောင်း ပွင့်လင်းမြင်သာစွာ ချပြလိုက်မယ်ဆိုရင် ပြည်သူတွေ အသိဉာဏ်ပွင့်လင်း သွားပါလိမ့်မယ်။ တပို့တည်းသမား နိုင်ငံရေးသမားတွေရဲ့ လိမ်ညာလှုံ့ဆော်မှုတွေကို ရှင်းရှင်းလင်းလင်း သိမြင်နားလည်ပြီး အကြမ်းဖက်လုပ်ရပ်တွေကို စွန့်လွှတ်လာကြပါလိမ့်မယ်။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က တပို့တည်းသမား အနောက်သြဇာခံ နိုင်ငံရေးသမားတွေအပေါ်မှာ သဘောကောင်းနေတာဟာလည်း မိမိတို့ လူ့စွမ်းအားအရင်းအမြစ်တွေ အလွန်အမင်း ဆုံးရှုံးရတဲ့ အဖြစ်မျိုး မရောက်အောင် သည်းခံခွင့်လွှတ် ထားခြင်းသဘောပါ။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးလှသိန်း၊ ဦးမြင့်နိုင် တို့အပေါ်မှာ ပြစ်ဒဏ်လျှော့ပေါ့ပေးခြင်းဟာ ပုဂ္ဂိုလ်ရေးဆန်တဲ့ ကျေးဇူးပြုမှုတွေလို့ ပြောနိုင်ပါတယ်။ သူတို့ကို ကျေးဇူးတုန့်ပြန်ဖို့ မျှော်လင့်ပြီး ဖြေလျှော့ပေးတာတော့ မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးလှသိန်း၊ ဦးမြင့်နိုင် တို့အနေနဲ့ ပြည်သူအပေါ်မှာ ကျေးဇူးပြုနိုင်အောင် အခွင့်အရေးပေးခြင်းလို့ မြင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးလှသိန်း၊ ဦးမြင့်နိုင် တို့အနေနဲ့ မိမိတို့ ပြည်သူတွေ သွေးချောင်းစီးနေရတဲ့ အဖြစ်ကို စကားလေးတစ်ခွန်းနဲ့ ရပ်တည်စေနိုင်ပါတယ်။ မိမိတို့ ကျူးလွန်ခဲ့တဲ့ ဥပဒေမဲ့ လုပ်ရပ်တွေကို မှန်မှန်ကန်ကန် ဖွင့်ဟပြောဆိုဖို့ပဲ ဖြစ်ပါတယ်။ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို ဖြေလျှော့ပေးပြီး ဖြစ်တဲ့အတွက် ပြစ်ဒဏ်ချဖို့လည်း မရှိတော့ပါဘူး။ အမှန်တရားကို ပြည်သူအများ သိမြင်နားလည်အောင် ချပြပေးဖို့ တစ်ခုပါပဲ။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)