ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ ရှေးရိုဆန်သည့် အဲန်လူမျိုးများ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ ရှေးရိုဆန်သည့် အဲန်လူမျိုးများ

 


MNP - နိုဝင်ဘာ  ၂၃


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ် ပင်းတောက်ကျေးရွာအုပ်စု၊ တောင်ပေါ်ဒေသရှိ နမ့်လင်းမိုင်ကျေးရွာမှာ အဲန်လူမျိုး အများစုနေထိုင်ကြပါတယ်။ အဲန်လူမျိုးများဟာ အနက်ရောင် ဝတ်စုံကိုသာ ကိုယ်တိုင်ဖန်တီးရက်လုပ်၍ ရှေးရိုးဆန်ဆန် ဝတ်ဆင်ကြပြီး သွားမည်းမှ လှတယ်လို့ ယူဆကြတဲ့အတွက် သူတို့ရဲ့သွားတွေကို မည်းနေအောင်ပြုလုပ်ထားကြပါတယ်။ အမျိုးသားအများစုက ဆံပင်ရှည်ကြီးများဖြင့် ရှေးရိုးဆန်စွာမြင်တွေ့ရပြီး အဲန်လူမျိုးများ၏ ရှေးကြတဲ့ နေထိုင်မှုပုံစံတွေကို ထူးခြားစွာတွေ့မြင်ရ၍ နိုင်ငံခြားသားခရီးသွားတွေကို အဓိက ဆွဲဆောင်နေပါတယ်။


သူတို့ရဲ့သွားတွေကို မဲအောင် မိုက်ကော်သစ်ပင်မှ အခေါက်ကို အဆီရရှိအောင်မှိုင်းတိုက်ပြီး သွားတွေကို သူတို့ရဲ့အသက် ၁၂၊ ၁၃ နှစ် အရွယ်မှာကတည့်းက စတင်သုတ်လိမ်းကြပြီး သစ်ရွက်ခြောက်၊ ဆေးနီသစ်ခေါက်ကို အခွံခွာ၍ ကွမ်းယာကဲ့သို့ အမြဲတစေဝါးလေ့ရှိပါတယ်။ အမျိုးသမီး၊ အမျိုးသားအားလုံးနားပေါက်ဖောက်ကြကာ သူတို့ရဲ့ ရိုးရာပွဲနေ့များတွင် ပန်းတွေထည့်ပန်ကြပြီး ငွေလက်ကောက်များအမြဲဝတ်ဆင်ကာ ဖိနပ်လည်း စီးလေ့မရှိတဲ့ သူတို့ရဲ့ လူနေမှုပုံစံများက စိတ်ဝင်စားဖို့ကောင်းလှပါတယ်။


အဲန်လူမျိုးများဟာ တောင်ယာစပါး၊ သီးနှံစိုက်ပျိုးခြင်း၊ မွေးမြူရေးနှင့် အမဲလိုက်ခြင်းတို့ကို အဓိကလုပ်ကိုင်ရပ်တည်နေထိုင်ကာ မိရိုးဖလာနတ်ကိုးကွယ်ကြတဲ့ လူမျိုးစုတစ်စုဖြစ်ပြီး သီသန့်နေထိုင်ရာ ကမ္ဘာလေးကဲ့သို့ တွေ့မြင်ရပါတယ်။ အဲန်လူမျိုးတွေဟာ တောစောင့်နတ်၊ တောင်စောင့်နတ်နှင့် သေဆုံးသွားသည့် ဘိုးဘေးနတ်တွေကို ကိုးကွယ်ယုံကြည်ကြပါတယ်။ ရိုးရာနတ်ပွဲကို ဆောင်းအကုန် အနွေအကူး ကာလမှာ အမဲလိုက်ကြပြီး ရရှိလာတဲ့သားကောင်နဲ့ ပူဇော်ပွဲပြုလုပ်ကြပါတယ်။ ရွာထဲမှာ လူမျိုးတွေရဲ့ ရိုးရာနတ်စင်တစ်စင်ကို တွေ့ရှိရမှာဖြစ်ပြီး ရွာရဲ့နတ်ဆရာအိမ်မှာ သူတို့ပူဇော်သည့် နတ်ကိုခေါ်ဖို့ ဗုံကြီးတစ်လုံးရှိပါတယ်။ အဲဒီဗုံကြီးကို ရိုးရာနတ်ပူဇော်ပွဲမှာ အမျိုးသားတွေသာ တီးကြရပြီး ဗုံတီးပူဇော်ခြင်းဖြင့် ရွာထဲသို့ မကောင်းဆိုးဝါးများ မဝင်ရောက်နိုင်ကြောင်း၊ ရန်သူတွေက သူတို့ကိုမတွန်းလှန်နိုင်ကြောင်းနှင့် ဆန်ရေ စပါးပေါကြွယ်ဝကြောင်း  ယုံကြည်ကြပါတယ်။


အဲန်လူမျိုးတွေဟာ အဲန်ကိုယ်ပိုင်ဘာသာစကားနှင့် ရှမ်းဘာသာစကားကို အဓိက ပြောဆိုကြပါတယ်။ ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှာ အဲန်ရွာစုစုပေါင်း ရွာ ၄၀ မှာ ၂၀၁၇ ခုနှစ် လူဦးရေစာရင်းအရ လူဦးရေ ၃၆၀၀ ဦး နီးပါးခန့်ရှိတယ်လို့ သိရပါတယ်။


အဲန်လူမျိုးတွေဟာ ရှမ်းတိုင်းရင်းသားလူမျိုးနွယ်ဝင် အုပ်စုတစ်စုဖြစ်ပြီး မြန်မာတိုင်းရင်းသား ၁၃၅ မျိုးတွင် စာရင်းဝင်ဖြစ်ပါတယ်။ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ပင်းတောက် ကျေးရွာအုပ်စုမှာ  အဲန်လူမျိုးတွေနေထိုင်တဲ့ နမ့်လင်မိုင်၊ နမ့်လင်းကောင်၊ ပါးလို့၊ ပါကျော့၊ ပန်လေ၊ ဝမ်နောင်၊ တပ်ထပ်၊ ဝခါးစတဲ့  ကျေးရွာ ခုနှစ်ရွာ ရှိပြီး မိုင်းလန်းကျေးရွာအုပ်စုမှာ တစ်ရွာ၊ မိုင်းခတ်မြို့နယ်မှာ ၁၃ ရွာ၊ မိုင်းဖြတ်မြို့နယ်တွင် လေးရွာ တေ့ရှိရပါတယ်။


ယခုအခါမှာ အဲန်လူမျိုးအများစုနေထိုင်ရာ ရွာလေးကိုတော့ အစိုးရက  ကျောင်းများ၊ ဆေးပေးခန်းများ ထားရှိဆောင်ရွက်ပေးထားပြီဖြစ်သော်လည်း ရှေးရိုးရာ လူမှုနေထိုင်မှုကတော့ ကျန်ရှိနေဆဲဖြစ်ပါတယ်။


 ဘဝကို ရိုးရင်းစွာဖြတ်သန်းနေထိုင်ကြတဲ့ အဲန်လူမျိုးတွေရဲ့ အလေ့အထကတော့ လေ့လာဖို့ ကောင်းတဲ့အတွက် ကျိုင်းတုံဒေသသို့ အရောက်သွားဖို့ ဖိတ်ခေါ်ရေးသား လိုက်ရပါတယ်။


သတင်း - အောင်ဇင်မြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)