ပွဲက ဒီအတိုင်း ဘယ်ပြီးမလဲ၊ အကြမ်းဖက်အန္တရာယ် တုန့်ပြန်ကာကွယ်ရေး စီမံချက်များ ရေးဆွဲပြီး ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွဲက ဒီအတိုင်း ဘယ်ပြီးမလဲ၊ အကြမ်းဖက်အန္တရာယ် တုန့်ပြန်ကာကွယ်ရေး စီမံချက်များ ရေးဆွဲပြီး ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ပြောကြား



MNP ၊ နိုဝင်ဘာ ၅

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်ရီက သံဃာတော်များ၊ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများကို သတ်ဖြတ်၍ စစ်ရာဇဝတ်မှုများ ကျူးလွန်လျှက်ရှိသည့် NLD ပါတီမှ ပေါ်ပေါက်လာသော CRPH, NUG, PDF အကြမ်းဖက်အဖွဲ့များ၏ အန္တရာယ်ကို တုန့်ပြန်ကာကွယ်ရန် စီမံချက်များ ရေးဆွဲပြီးဖြစ်ကြောင်း တပ်ကုန်းမြို့နယ် ပါတီဝင်သစ်များ အသိအမှတ်ပြု ကတ်ပြားပေးအပ်ပွဲတွင် ထည့်သွင်းပြောကြားသွားသည်။


ဦးခင်ရီက ပါတီဝင်သစ်များအား အဖွင့်အမှာစကား ပြောကြားစဉ် ပြည်ခိုင်ဖြိုးပါတီသည် သမိုင်းနှင့်ယှဉ်၍ အမျိုးသားရေးတာဝန်များ ထမ်းဆောင်ရန် ၁၉၉၃ ခုနှစ်က အသင်းကြီးအဖြစ်စတင်ဖွဲ့စည်းခဲ့ပြီး ၁၇ နှစ်အကြာတွင် ပါတီအဖြစ် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ ဦးသိန်းစိန်အစိုးရလက်ထက်တွင် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ပြည်ပရောက်ရှိနေသူများ နိုင်ငံအကျိုးကို လက်တွဲဆောင်ရွက်လိုသူများ ပြန်လာနိုင်ရန် စီစဉ်ပေးခဲ့ကြောင်း၊ ၈၈ ကာလအတွင်းက တပ်မတော်အရာရှိငယ် ဘဝ တာဝန်ထမ်းဆောင်နေစဉ် အဖျက်အမှောင့်လုပ်ငန်းများနှင့် ကြုံတွေ့ခဲ့ရကြောင်း၊ ၂၀၁၅ မှ ၂၀၂၀ ကာလအတွင်း အမျိုး ဘာသာ သာသနာနှင့် ဆိုင်သော ကိစ္စရပ်များစော်ကားခံခဲ့ရကြောင်း၊ အမျိုးသားရေးနှင့် ဆိုင်သော ကိစ္စများ၊ မကြားဝံ့မနာသာ ပညာရေးသွပ်သွင်းခဲ့မှုများ အားလုံး သိရှိပြီးဖြစ်ကြောင်း ရှင်းလင်းပြောဆိုသွားသည်။


ဦးခင်ရီ က " ၈၈လိုပဲ NUGတို့၊ CRPHတို့၊ အခု PDF တို့ တခါ ထပ်ပေါ်တယ်။ ကျွန်တော့်ကို သတ်လို့ ရတယ်။ ဘာကြောင့်လဲဆိုရင် ကျွန်တော်က စစ်ဗိုလ်ဟောင်း၊ သတ် သတ်ချင်တဲ့ နေရာမှာ သတ်၊ ဟုတ်ဘူးလား။ ကျွန်တော် ပြည်ခိုင်ဖြိုးပါတီမှာ တာဝန်ရှိတဲ့သူ။ ဒေါက်တိုင် တကယ့် ဒေါက်တိုင်။ ကျွန်တော့်ကို သတ်လို့ရတယ်။ ကျွန်တော် အမာခံ သတ်လို့ ရတယ်။ ဒါပေမယ့် ဆရာတော်ဘုရားတွေ သတ်လို့တော့ မရဘူး။ မကောင်းဘူး။ အမျိုးသမီးတွေ သတ်လို့မရဘူး။ အမျိုးသမီးထဲမှာမှ အချို့ဆိုရင် ကိုယ်လေးလက်ဝန်ရှိတဲ့ အမျိုးသမီးများ အသတ်အဖြတ်ခံရတယ်။ ဘာမှ မဟုတ်တဲ့ ခေါင်းရွက်ဖျက်ထိုး ဈေးသည်တွေ အသတ်ခံရတယ်။ ဒါ ပုံစံ မကျဘူး။ ဒါတွေကို ကျွန်တော်တို့ ကနေ့ ရင်ဆိုင်နေရတယ်။ ဒီအတိုင်း ပွဲပြီးမလား။ ဘယ်ပြီးမလဲ။ မပြီးဘူး။ လုပ်ကြရမှာပေါ့။ စုပေါင်းအားနဲ့ ကျွန်တော်တို့ လုပ်ကြရမှာပေါ့။ လုံခြုံရေးတပ်ဖွဲ့ဆိုတာတော့ဗျာ ခင်ဗျားတို့ လူတစ်ဦး တစ်ယောက်အချင်းအပေါ်မှာတော့ ခင်ဗျားတို့ ကို လုံခြုံရေးပေးနိုင်ပါ့မလဲ။ ကျွန်တော်တို့ ပြည်သူက ၅၅သန်း ရှိတယ်လေ။ ကိုယ့်ဟာကိုယ် လုပ်နိုင်ဖို့ ကျွန်တော်တို့ စီမံချက်တွေ ဆွဲနေပါတယ်။ မနေ့တနေ့ကပဲ ကျွန်တော်တို့ စီမံချက်တွေ ပြီးတယ်။ ကျွန်တော်တို့ ဆောင်ရွက်မယ်။ ကျွန်တော်တို့ တတ်နိုင်သမျှ ကာကွယ်မယ်။ ကျွန်တော်တို့အပေါ် ကျရောက်လာနိုင်တဲ့ အန္တရာယ်တွေ ကျပါစေ။ ကိစ္စမရှိပါဘူး။ ကျွန်တော်တို့ ပါတီရဲ့ လူထုရှေ့မှာ မားမားမတ်မတ် ရပ်မယ်။" လို့ ထည့်သွင်း ပြောကြားသွားခဲ့ခြင်းဖြစ်ပါသည်။


လဝက ဝန်ကြီးဟောင်း ဦးခင်ရီ ဟာ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ စတင်တာဝန် လွှဲပြောင်းလက်ခံတဲ့ ပြည်ခိုင်ဖြိုးပါတီ တတိယအကြိမ် ညီလာခံအပြီး သတင်းစာ ရှင်းလင်းပွဲမှာလည်း ပါတီဝင်များ အကြမ်းဖက်ခံနေရမှုနှင့် ပတ်သက်၍ သတင်းသမားများ၏ မေးမြန်းမှုအပေါ် လက်နက်ရမှ ကာကွယ်လို့ ရတာမဟုတ်ကြောင်း၊ နည်းလမ်းပေါင်းစုံနဲ့ ကာကွယ်သွားမှာ ဖြစ်ကြောင်း၊ တုန့်ပြန်ဖို့ အခွင့်သာရင် တုန့်ပြန်သွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။


အာဏာလက်မဲ့ ဖြစ်သွားသည့် NLD ပါတီမှ CRPH, NUG, PDF အကြမ်းဖက်အဖွဲ့များ ဖွဲ့စည်းပြီး စစ်ရာဇဝတ်မှုမြောက်သော အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေသည့် ကာလအတွင်း ပြည်ခိုင်ဖြိုးပါတီဝင်များမှာ အကြမ်းဖက်လှုပ်ရှားသူများ၏ ပစ်မှတ်ဖြစ်ခဲ့ရပြီး ပြည်ခိုင်ဖြိုးပါတီဝင်နှင့် ပါတီကို ဝန်းရံသူပေါင်း ၂၆၀၀ ကျော်အထိ အသတ်ခံခဲ့ရပြီး အကြမ်းဖက်သမားများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ရပြီး နေရပ်စွန့်ခွါ တိမ်းရှောင်နေကြရသူများလည်း ရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)