မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများအတွက် အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများအတွက် အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်





MNP ၊ နိုဝင်ဘာ ၉

ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ မကွေးပညာရေးဒီဂရီကောလိပ်တွင် တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ဆရာမများအတွက် အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၈ ရက်နေ့ ညနေ ၄ နာရီအချိန်က မကွေးပညာရေး ဒီဂရီကောလိပ် ပညာ့ဗိမာန်ခန်း၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မြင့်လှိုင်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်ကြားရေး ဆရာ/ဆရာမများနှင့် တိုင်းရင်းသားဘာသာစကားသင် ဆရာ/ ဆရာမများ တက်ရောက်ခဲ့ကြသည်။


ဖွင့်ပွဲအခမ်းအနားတွင် ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံတစ်ဝန်းလုံးရှိ အခြေခံပညာ ကျောင်းများမှာ တိုင်းရင်းသားဘာသာစကားသင် ဆရာ/ ဆရာမများအား အရည်အသွေးမြှင့် ဆွေးနွေးပွဲလုပ်ငန်းများအား ကျင်းပလျက်ရှိပြီး မိမိတို့ တိုင်းဒေသကြီးအတွင်းရှိ မကွေးပညာရေး ဒီဂရီကောလိပ်နှင့် ပခုက္ကူပညာရေးဒီဂရီကောလိပ်တို့တွင် ကျင်းပလျက်ရှိပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအတွင်း၌ ဗမာလူမျိုးအများစုနေထိုင်ကြပြီး ချင်းလူမျိုး၊ ရခိုင်လူမျိုးနှင့် ကရင်လူမျိုးအနည်းငယ်တို့ အတူယှဉ်တွဲနေထိုင်လျက်ရှိပြီး တိုင်းရင်းသားအနေဖြင့် အရှိုချင်းနှင့်ဥ(ပ်)ချင်းတို့သည် ချင်းစာပေသင်ကြားလျက်ရှိပါကြောင်း၊ ယခုအခါ နိုင်ငံတော် အစိုးရအနေဖြင့် တိုင်းရင်းသားဘာသာပြင်ပ ဆရာ/ဆရာမများအား ခန့်ထားပြီး တိုင်းရင်းသား ဘာသာစာပေတိုးတက်ရန်နှင့် ရေရှည်တည်တံ့စေရန် ဆောင်ရွက်နေသလို ပညာရေးဝန်ကြီးဌာန အနေဖြင့်လည်း တိုင်းရင်းသားဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများကို ထိန်းသိမ်းမြှင့်တင်ရန် ဒေသခံတိုင်းရင်းသားဆရာနှင့် ဘာသာစကားသင်ဆရာ (၃၁၇၄၂) ဦးအား ခန့်အပ် တာဝန်ပေးအပ်ပြီး တိုင်းရင်းသားဘာသာစကား(၆၃)မျိုးအား သင်ကြားပေးလျက်ရှိပါ ကြောင်း၊ တိုင်းရင်းသားဘာသာစကားသင် ဆရာ/ဆရာမများအနေဖြင့် မိမိတို့သင်ကြား ပေးရမည့် မျိုးဆက်သစ် လူငယ်များအား မိမိပတ်ဝန်းကျင်တွင် အကောင်းမြင်သဘောထား များဖြင့် အများနှင့် အတူတကွနေထိုင်ကြသည့်အခါ ကိုယ်ကျင့်တရားကောင်းမွန်ပြီး နိုင်ငံကြီးသားပီသလာစေရန်၊ မိမိတို့ရိုးရာယဉ်ကျေးမှုများအား တန်ဖိုးထားထိန်းသိမ်းစေရန်၊ ကျန်းမာစွာနေထိုင်တတ်သော အလေ့အကျင့်ကောင်းများနှင့် ကျန်းမာသန်စွမ်းသော လူတော်လူကောင်းများဖြစ်လာအောင် သင်ကြားပေးကြရန် တိုက်တွန်းပြောကြားသည်။


ဆက်လက်၍ မကွေးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မြင့်လှိုင်က သင်တန်းတွင် သင်ကြားပို့ချမည့် သင်ခန်းစာများနှင့် သင်တန်းဖွင့်လှစ်ခြင်းဖြင့် ရရှိလာမည့် အကျိုး ကျေးဇူးများအား ရှင်းလင်းတင်ပြသည်။


ထို့နောက် ငဖဲမြို့နယ် ရိုးရာယဉ်ကျေးမှု အမျိုးသားအဖွဲ့နှင့် အမျိုးသမီးအဖွဲ့တို့က ချင်းဗုံအက နှင့်လင်ကွင်းအကတို့ဖြင့်လည်းကောင်း၊ သင်တန်းသား/သူများက စနေအရှိုး (ထာဝရတည်တံ့နေသော ချင်း)၊ ဆာယာဒိနန်း(သာယာသောရွာလေး)တေးသီးချင်းနှင့် လှီးစုံအရှိုး(ချင်းမျိုးဆက်) တေးသီးချင်းများဖြင့်လည်းကောင်း သီဆိုကပြ ဖျော်ဖြေ တင်ဆက်ခဲ့ကြသည်။


ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တေးသီးချင်းများဖြင့် ကပြဖျော်ဖြေတင်ဆက်သော သင်တန်းသား/သူများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းသား/သူများနှင့် အတူ စုပေါင်းအမှတ်တရဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။


အဆိုပါ တိုင်းရင်သားဘာသာစကားသင် ဆရာ၊ ဆရာမများအတွက် အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲကို (၃.၁၁.၂၀၂၂)ရက်နေ့မှ (၂၅.၁၁.၂၀၂၂)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး တိုင်းရင်းသားဘာသာစကားသင် ဆရာ/ဆရာမ(၁၂၉)ဦး တက်ရောက် လျက်ရှိကြောင်း သိရသည်။


မောင်ညီညာ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)