MNP - နိုဝင်ဘာ ၅
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယနေ့နံနက် ၉ နာရီအချိန်ခန့်က ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် ပွင့်ဖြူမြို့နယ် ပေါက်ကုန်းကျေးရွာအုပ်စု ဇီးကျွန်းကျေးရွာနှင့် နန်းတော်ကျွန်းကျေးရွာအုပ်စုရှိ ကျွန်းကလေးကျေးရွာ၊ ဘီးဇပ်ခုံကျေးရွာ၊ ထူးကျေးရွာနှင့် ငှက်တောကုန်းကျေးရွာတို့ရှိ လူနေအိမ်(၁၂)လုံးဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့ခဲ့ရကြောင်း ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
အဆိုပါ ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် ပွင့်ဖြူမြို့နယ် ပေါက်ကုန်းကျေးရွာအုပ်စု ဇီးကျွန်းကျေးရွာတွင် လူနေအိမ်(၄)လုံး၊ နန်းတော်ကျွန်းကျေးရွာအုပ်စု ကျွန်းကလေးကျေးရွာ တွင် လူနေအိမ်(၃)လုံး၊ ဘီးဇပ်ခုံကျေးရွာတွင် လူနေအိမ်(၂)လုံး၊ ထူးကျေးရွာတွင် လူနေအိမ် (၂)လုံး၊ ငှက်တောကုန်းကျေးရွာတွင် လူနေအိမ်(၁)လုံး၊ စုစုပေါင်းလူနေအိမ်(၁၂)လုံး ဘေးလွတ်ရာသို့ကြိုတင်ပြောင်းရွှေ့ခဲ့ရကြောင်းသိရကာ ကမ်းပြိုဘေးသင့်အိမ်ထောင်စုဝင်များ ကမ်းပါးပြိုကျမှုကြောင့် အန္တရာယ်ကင်းဝေးစေရန်နှင့် အဆင်ပြေစွာနေထိုင်နိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ကျေးရွာနေပြည်သူများက ဝိုင်းဝန်းကူညီရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။ ကမ်းပါးပြိုကျမှုကြောင့် အခြားလူနှင့် တိရစ္ဆာန်ထိခိုက်မှုမရှိကြောင်း သိရသည်။
သတင်း - လှိုင်ဝင်းလေး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment