မန္တ‌လေးမြို့တွင် အလုပ်သမားဝန်ကြီးဌာန၏ အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေး ဆိုင်ရာနှီးနှောဖလှယ်ပွဲ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တ‌လေးမြို့တွင် အလုပ်သမားဝန်ကြီးဌာန၏ အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေး ဆိုင်ရာနှီးနှောဖလှယ်ပွဲ ပြုလုပ်

 


MNP - နိုဝင်ဘာ   ၁၁


အလုပ်သမားဝန်ကြီးဌာန၏ အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဆိုင်ရာနှီးနှောဖလှယ်ပွဲကို ယနေ့နံနက် ၉ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီရုံး မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ခုံသမာဓိကောင်စီဝင်များ၊ အထက် မြန်မာပြည် ခုံသမာဓိအဖွဲ့ဝင်များ၊ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) နှင့် မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI)တို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။


ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးဒေါက်တာပွင့်ဆန်းက အဖွင့်အမှာစကားပြောကြားရာတွင် အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲဟာ အလုပ်ရှင်နှင့် အလုပ်သမားကြား ဖြစ်ပွားသော အငြင်းပွားမှုများအား ဖြေရှင်းဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက် အခဲများကို ဥပဒေနှင့်အညီ ပိုမိုထိရောက်စွာဖြေရှင်းနိုင်ရေး နည်းလမ်းကောင်းနှင့် ရလဒ်ကောင်းများကို ဖော်ထုတ်နိုင်စေရန်ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ လုပ်ငန်းခွင်ဆက်ဆံရေး ကောင်းမွန်လာစေရေးအတွက်အလုပ်ရှင်နှင့် အလုပ်သမားများအနေဖြင့် မိမိတို့လုပ်ငန်းခွင် အတွင်း အလုပ်သမားရေးရာနှင့်စပ်လျဉ်းသည့် အခက်အခဲများ၊ လိုအပ်ချက်များ ဖြစ်ပေါ်လာပါက လုပ်ငန်းခွင်အတွင်း၌ ကနဦးဆွေးနွေးညှိနှိုင်း ဆောင်ရွက်သင့်ပြီး ပြေလည်မှုရရှိသွားပါက အကောင်းဆုံးဖြစ်ကြောင်း၊ ရေရှည်တွင် အလုပ်ရှင်၊ အလုပ်သမား နှစ်ဖက်ဆွေးနွေးညှိနှိုင်းမှုကြောင့် အလုပ်ရှင်၊ အလုပ်သမားဆက်ဆံရေးကောင်းမွန်စေသည်သာမက ကုန်ထုတ်လုပ်မှု တိုးတက်ခြင်း၊ လုပ်ငန်းအကျိုးအမြတ်များရရှိခြင်းမှတစ်ဆင့် အလုပ်ရှင်၊ အလုပ်သမား နှစ်ဦးနှစ်ဖက်စလုံး အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝကို အလေးပေးဖော်ဆောင်လျက် ရှိရာ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်လာခြင်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာခြင်းဟာ နိုင်ငံတော်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေပြီး အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးဖော်ဆောင်နိုင်မှာဖြစ်ပါကြောင်း၊ ယင်းသို့ အလုပ်အကိုင်အခွင့်အလမ်း များ ပေါ်ပေါက်လာပါကအလုပ်လက်မဲ့လျော့နည်းလာခြင်း၊ ပြည်တွင်းအလုပ်အကိုင်ရရှိခြင်းကြောင့် ပြည်သူများ၏ လူမှုဘဝတိုးတက်ရေးကို အထောက်အကူပြုလာမှာဖြစ်ကြောင်း၊ စက်ရုံ၊ အလုပ်ရုံများ ထူထောင်လာသည်နှင့်အမျှ အလုပ်သမားရေးရာအငြင်းပွားမှုများလည်း မလွဲမသွေရှိ နေမှာဖြစ်သည့်အတွက် အငြင်းပွားမှုဖြေရှင်းရေးဥပဒေကို ပြဋ္ဌာန်းထားပြီး ယင်းဥပဒေအရ Tripartite အဖွဲ့များ၏ အခန်းကဏ္ဍသည် အရေးကြီးလာခြင်းကြောင့် အငြင်းပွားမှုများကို ဖြေရှင်းဆောင်ရွက်နေတဲ့ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့၊ ခုံသမာဓိအဖွဲ့နှင့် ခုံသမာဓိကောင်စီအဖွဲ့ဝင်များအနေဖြင့် အငြင်းပွားမှုများကို ညှိနှိုင်းဖျန်ဖြေခြင်း၊ ကြားနာစစ်ဆေးဆုံးဖြတ်ရာတွင် မိမိသည် အလုပ်ရှင် ကိုယ်စား လှယ်ဖြစ်သည်၊ အလုပ်သမားကိုယ်စားလှယ်ဖြစ်သည်ဆိုသည့် အဖွဲ့အစည်းစွဲမထားဘဲ ညှိနှိုင်းဖျန်ဖြေဆုံးဖြတ်ပေးရန် လိုအပ်ပါကြောင်း၊ ညှိနှိုင်းဖျန်ဖြေသူများအနေဖြင့် အငြင်းပွားသူနှစ်ဖက်အကြား WinWin Situation ဖြစ်စေမည့် ရလဒ်ရရှိရေး ဖျန်ဖြေပေးရန်နှင့် ခုံသမာဓိဖြင့် ဆုံးဖြတ်ဆောင်ရွက်သူများအနေဖြင့်လည်း အငြင်းပွားသူ အလုပ်ရှင်၊ အလုပ်သမားများအကြား နှစ်ဖက်သမာသမတ်ကျစွာနှင့် မျှတစွာဆုံးဖြတ်ရန် လိုအပ်ပါကြောင်း၊ သို့မှသာ ဘက်လိုက်မှုမရှိသော အဖွဲ့အစည်းတစ်ရပ်အဖြစ် ရပ်တည်နိုင်မှာဖြစ်ကြောင်း တိုက်တွန်းပြောကြားပြီး တိုင်းဒေသ ကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင် ဦးမောင်ကိုက အမှာစကားပြောကြားသည်။


ထို့နောက် အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ဌေးဝင်းက နှီးနှောဖလှယ်ပွဲ ကျင်းပပြုလုပ်ရသည့် ကိစ္စရပ်များနှင့် ခုံသမာဓိကောင်စီဝင်တစ်ဦးမှ အလုပ်သမားရေးရာအငြင်းပွားမှုများ စစ်ဆေးဆုံးဖြတ်ရာတွင် တွေ့ကြုံရသည့် အားနည်း ချက်၊ အားသာချက်များအား ရှင်းလင်းဆွေးနွေးကြသည်။


နေ့လယ်ပိုင်းတွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ လူမှုဖူလုံရေးအဖွဲ့နှင့် အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနတို့မှ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးတို့ကဦးစီးဌာနအလိုက် စည်းကြပ်သည့်ဥပဒေများနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ထိုသို့အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တွေ့ကြုံရသောစိန်ခေါ်မှုများ၊ အားသာချက်၊ အားနည်းချက်များအား ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် ကိုယ်စားလှယ်များအား အုပ်စု (၃) စုဖွဲ့၍ အုပ်စုလိုက် ဆွေးနွေးခြင်းများအပေါ် အပြန်အလှန်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။


သတင်း - မြင့်မော်ထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)