MNP - နိုဝင်ဘာ ၅
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျဉ်းမနားမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ဘာသာစကားသင်တန်းများ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများနှင့် အစည်းအဝေးဆွေးနွေးပွဲများအား စဉ်ဆက်မပြတ်ဖွင့်လှစ်ဆောင်ရွက် လျက်ရှိရာ ကွန်ပျူတာပညာရပ်များကို စတင်လေ့လာအသုံးပြုလိုသူများအတွက် အခြေခံကွန်ပျူတာသင်တန်းကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။
အဆိုပါသင်တန်းတွင် ဒက္ခိဏခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမေစုအောင်က အဖွင့်အမှာစကားပြောကြားရာ၌ “ကျောင်းသား၊ ကျောင်းသူကလေးငယ်များ အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရန်၊ အခြေခံကွန်ပျူတာပညာရပ်ကို တတ်မြောက်စေရန်နှင့် ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့်လည်း သက်ဆိုင်ရာလုပ်ငန်းများတွင် လုပ်ငန်းစွမ်းရည်ကောင်းမွန်စေရန်ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း” ပြောကြားခဲ့ပြီး သင်တန်းနည်းပြဆရာမ ဒေါ်ဇင်သူဇာမိုးက “အခြေခံကွန်ပျူတာသင်တန်းတွင် Microsoft Word, Excel, Power Point သင်ခန်းစာများကို လက်တွေ့အသုံးပြုနိုင်သည်အထိ သင်ကြားပြသပေးသွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။
အဆိုပါ အခြေခံကွန်ပျူတာသင်တန်းကို အပတ်စဉ် စနေနှင့် တနင်္ဂနွေနေ့များတွင် နံနက် ၉ နာရီ မှ ၁၁ နာရီအထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်သည်။ ယခုသင်တန်းသို့ ဌာနဆိုင်ရာဝန်ထမ်း (၉)ဦးနှင့် ကျောင်းသား ကျောင်းသူ (၈)ဦးတို့ တက်ရောက်သင်ကြားပြီး သင်တန်းကာလမှာ (၂) လကြာ စာတွေ့၊ လက်တွေ့ သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - မျိုးသီဟ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment