သရက်မြို့၌ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖများ စုပေါင်းဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သရက်မြို့၌ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖများ စုပေါင်းဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနား ကျင်းပ




MNP - နိုဝင်ဘာ   ၅


မကွေးတိုင်းဒေသကြီး သရက်မြို့၌ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများရှိ ဝန်ထမ်းမိသားစုနှင့် မြို့မိမြို့ဖ အလှူရှင်များ စုပေါင်းဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနား ကျင်းပခြင်းကို ယမန်နေ့ နံနက် (၈)နာရီက ရွှေသက်လွတ်ဘုရားဝန်းအတွင်းရှိ မြို့နယ်လုံးဆိုင်ရာ သာသနာ့ဗိမ္မာန်တော်တွင် ကျင်းပခဲ့ သည်။


အဆိုပါ အခမ်းအနားတွင် နမောတဿ(၃)ကြိမ် ရွတ်ဆို ဘုရားကန်တော့ပြီး မြခဲတောင် ဆရာတော်ထံမှ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာ အကြီးအကဲနှင့် ဝန်ထမ်းများ၊ မြို့မိ မြို့ဖများမှ (၅)ပါးသီလ ခံယူဆောက်တည်ကာ ကထိန်လျာ ဉာတ်သင်္ကန်းကို ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အမှတ်-၁၂ ကာကွယ်ရေးပစ္စည်း စက်ရုံမှူးတို့က ဆက်ကပ်လှူဒါန်းပြီး ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာ အကြီးအကဲများက ပင့်သံဃာ (၂၁) ပါးတို့အား တစ်ပါးလျှင် သင်္ကန်းတစ်စုံနှင့် ဝတ္ထုငွေ (၅)သောင်း လှူဒါန်းပြီး မြို့နယ်သံဃနာယက အဖွဲ့အတွက်  အထွေထွေအသုံးစရိတ် အဖြစ် ကျပ်(၂၅)သိန်း ဆက်ကပ်လှူဒါန်းခဲ့သည်။


ထို့နောက် ကထိန်အာနိသင် ရရှိသည့် သာဦးကျောင်းထိုင်ဆရာတော်အား ဘုံကထိန် အလှူငွေ ကျပ်သိန်း (၃၀)အား ဆက်ကပ်လှူဒါန်းခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက သာသနာရေး ဆိုင်ရာများ လျှောက်ထားခဲ့ကာ ကြွရောက်လာသည့် ဆရာတော် သံဃာတော်များက ပရိတ်တရား တော်များ ရွတ်ပွားသရစ္ဇျယ် ချီးမြှင့်ပေးခဲ့ကြသည်။ ဆက်လက်၍ မြခဲတောင်ဆရာတော် သီလဝံသထံမှ မဟာဘုံကထိန် အနုမောဒနာ တရားနာယူပြီး လှူဒါန်းမှု အစုစုအတွက် (၁၁၃)သိန်း (၉)သောင်း (၃)ထောင်အား ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။


သတင်း - ဇော်ထက်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)