သံဃာတော်များရဲ့ အုပ်ချုပ်ရေးအကဏ္ဍ လျော့ကျလာခြင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံဃာတော်များရဲ့ အုပ်ချုပ်ရေးအကဏ္ဍ လျော့ကျလာခြင်း



ပြည်ပရောက်နေတဲ့ အမေတစ်ယောက်က ဖုန်းဆက်တယ်။ တိုင်းပြည်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေအပေါ် စိုးရိမ်မိတဲ့အကြောင်း၊ အမျိုးသားရေးစိတ်ဓာတ်နဲ့ ပြည်တွင်းပြည်ပကနေ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက် ပြောနေကြသူတွေကို ကျေးဇူးတင်မိကြောင်း ဆက်သွယ်ပြောဆိုပါတယ်။ 


အဲဒီ အမေ က မြန်မာပြည်မှာ နေခဲ့စဉ်က ဆရာတော်သံဃာတော်များရဲ့ သြဇာကြီးမားပုံ၊ ရပ်ရွာတွေမှာ ဆရာတော်သံဃာတော်များက အုပ်ချုပ်ခဲ့ပုံတွေနဲ့ ယနေ့ သံဃာတော်များရဲ့ အုပ်ချုပ်မှု အခန်းကဏ္ဍ လျှော့ကျအားနည်းလာတဲ့အကြောင်းလည်း ပြောပါတယ်။ အမေတို့ မြန်မာပြည်မှာ ရှိစဉ်က တောနယ်တွေကို ရောက်တဲ့အခါ ရပ်ရွာလူကြီးက အုပ်ချုပ်တာထက် ဆရာတော်သံဃာတော်တွေရဲ့ အုပ်ချုပ်မှုက ပိုပြီးအရေးပါတယ်လို့ ထင်ရတယ်။ ဗုဒ္ဓဘာသာဝင်တွေရဲ့ ရိုသေလေးစားမှု၊ အလေးအမြတ်ထားမှုကလည်း အလွန်ပဲ ချစ်စရာကောင်းတယ်။ ဆရာတော် လှည်းနဲ့ ကြွလာတာတွေ့ရင် လမ်းဘေးဆင်း ဒူးတုပ်ပြီး ဆရာတော်ကို ပူဇော်ကြတာ အစရှိတဲ့ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့ရဲ့ ချစ်စရာ အစဉ်အလာကောင်းလေးတွေကို အမှတ်တရ ပြန်ပြောပါတယ်။


အမေ ပြောတာတွေက အမှန်တွေပါပဲ။ ကျွန်တော်တို့ငယ်စဉ်ကလည်း ကျွန်တော်တို့ ရွာအနီးပတ်ဝန်းကျင်တွေမှာ အလွန်အင်မတန် သြဇာတိက္ကမကြီးမားတဲ့ ဆရာတော်ကြီးတွေ ရှိခဲ့ပါတယ်။ ယနေ့အချိန်မှာတော့ ဆရာတော်သံဃာတော်တွေဟာ မိမိရပ်ရွာကို ကောင်းမွန်စွာ ထိန်းသိမ်းအုပ်ချုပ်နိုင်စွမ်း မရှိတော့ဘဲ မိမိရပ်ရွာထဲက အကြမ်းဖက်သမားတွေကို ပြန်ကြောက်ပြီး တိမ်းရှောင်နေကြရတဲ့ အခြေအနေမျိုး ဖြစ်နေပါတယ်။


ပြည်ပရောက်နေတဲ့ အမေက ပြောလို့ ကျွန်တော်တို့ ငယ်စဉ်က အခြေအနေကိုလည်း ပြန်ပြီး အမှတ်ရမိတယ်။ ကျွန်တော်တို့ဆိုရင် တန်းကျောင်းတက်နေပေမယ့် ကျောင်းပိတ်ရက် ဘုန်းကြီးမှာ သွားနေတယ်။ ဆွမ်းခံလိုက်တယ်။ ဘုန်းကြီးကျောင်းမှာ စားတယ်။ အခုလို ကထိန်ရာသီမျိုးဆိုရင် ရွာကျောင်းဆရာတော်နဲ့ ရွာစဉ်လှည့်ပြီး ကထိန်ပွဲတွေနောက်ကို လိုက်တယ်။ ကျောင်းပြေးပြီး ဘုန်းကြီးနဲ့ လိုက်သွားတာမျိုးတောင် ရှိပါတယ်။


ကျွန်တော်တို့ ရွာအပါအဝင် ရွာပေါင်း (၆၀)လောက်ကို ကြက်ဖမွေးဇောင်းဆရာတော်ကြီးရဲ့ လက်အောက်မှာ စုစည်းပါတယ်။ အခေါ်အားဖြင့်တော့ တစ်ဂိုဏ်းပေါ့။ ပဝါယနာကို ကြက်ဖမွေးဇောင်းကျေးရွာမှာ သံဃာအများစုပေါင်းပြီး ပြုလုပ်ကြတယ်။ ကြက်ဖမွေးဇောင်းကျေးရွာဆိုတာကလည်း လှူရေးတန်းရေးမှာ အလွန်အင်မတန် သဒ္ဓါတရားထက်သန်တဲ့ ရွာဖြစ်တယ်။ ဆရာတော်တွေရဲ့ ဆွမ်းဝိုင်းတွေမှာဆိုရင် ဆွမ်းဟင်းတွေ ဝိုင်းမဆံ့လို့ ထပ်ထားရတာတောင် ရှိတယ်။ ရွာသူ ရွာသားတွေရဲ့ သဒ္ဓါတရားပါ။ ကြက်ဖမွေးဇောင်းရွာမှာ ပဝါယနာ၊ ကထိန်၊ အလှူရှိပြီဆိုရင် တခြားရွာဘုန်းကြီးတွေနောက်မှာ ဘုန်းကြီးကျောင်းသား ၅ယောက်၊ ၁၀ယောက်၊ အယောက် ၂၀ လောက်အထိ လိုက်တာမျိုးရှိတယ်။


ဘုန်းကြီးတစ်ပါး ကျောင်းသားဘယ်နှယောက်ပါပါ ကြက်ဖမွေးဇောင်းကျေးရွာက မငြိုငြင်ဘူး။ သဒ္ဓါတရားထက်သန်လွန်းတာကို ပြောတာပါ။ ကြက်ဖမွေးဇောင်းကျေးရွာက သက်တော်ရှည်ဆရာတော်ကြီး ပျံလွန်တော်မူပြီးနောက် တိုက်အုပ်က ကျောင်းထိုင်ဖြစ်လာတယ်။ တိုက်အုပ်ဟာ ငယ်စဉ်က ကျွန်တော်တို့ သက္ကဆိပ်ရွာကျောင်းဆရာတော်ရဲ့ တပည့်ပါ။ နောက်ပိုင်းမှ စာလိုက်ရင်း ကြက်ဖမွေးဇောင်းကျေးရွာကို ရောက်ရှိသီတင်းသုံးနေတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ရွာကျောင်း ဆရာတော်က ကြားကာလမှ လူထွက်လိုက်တော့ တပည့်ထက် ဝါငယ်သွားတဲ့ အခြေအနေဖြစ်သွားပါတယ်။


ကြက်ဖမွေးဇောင်းမှာ ဆရာတော်ကြီး မရှိတော့တဲ့နောက်ပိုင်း တိုက်အုပ်ကျောင်းထိုင် ဖြစ်လာတော့ ပိုပြီး စည်းကမ်းတင်းကြပ်တယ်။ ဆရာတော်ရဲ့ တည်ကြည်လေးနက်တဲ့ နေထိုင်ပြုမူ ဆောင်ရွက်ချက်တွေကို ကြည်ညိုလေးစားကြတယ်။ အကြောင်းကိစ္စရှိလို့ ဆရာတော်ရွာထဲကြွတဲ့အခါ လမ်းမှ မျက်နှာချင်းဆိုင် ဆုံတဲ့ ရွာသူရွာသား အားလုံးဟာ ပြည်ပက အမေ ပြောသလိုပါပဲ။ လမ်းဘေးဆင်း ဒူးတုပ်ပြီး ပူဇော်ကြတာပါ။


ဆရာတော်က အမိန့်ထုတ်ထားတာ ရှိတယ်။ ကျောင်းဝိုင်းထဲ ဖြတ်သွားရင် ဖိနပ်မစီးရဘူး၊ ဦးထုပ်မဆောင်းရဘူး၊ ဆဲရေးတိုင်းထွာ မပြောဆိုရဘူး။ ဆရာတော် ထုတ်ထားတဲ့ စည်းကမ်းကို ဖောက်ဖျက်ရင် ဆရာတော်ရဲ့ ဆုံးမခြင်းကို ခံရမယ်။ ဘယ်သူ့သားသမီးမို့ မျက်နှာသာ ပေးတယ်ဆိုတာ မရှိဘူး။ ကျောင်းဝိုင်းထဲမှာ မထော်မနန်း လုပ်လို့ကတော့ ဆရာတော် ကြိမ်လုံးစာမိပြီသာ မှတ်တော့။ ဆရာတော်က ရိုက်လိုက်လို့ အရှိုးရာထပ်သွားလို့လည်း ဘယ်မိဘမှ လာပြီး စောဒက မတက်ရဲဘူး။ ဆုံးမဖို့၊ သွန်းသင်ဖို့ လျှောက်ထားတာပဲ ရှိမယ်။ အဲဒီလို သြဇာတိက္ကမကြီးမားပါတယ်။ အခုလို အချိန်အခါ သမယမှာဆိုရင် ဆရာတော်က ဂိုဏ်းထဲမှာ ရှိတဲ့ သက်ကြီး၊ ဝါကြီးဆရာတော်တွေကို လိုက်ပြီးပူဇော်မယ်။ ကြက်ဖမွေးဇောင်း ရွာသူရွာသားများကလည်း လှူဖွယ်ဝတ္ထုအစုံနဲ့ ဆရာတော်နောက်က ပါလာကြတာပဲ ဖြစ်ပါတယ်။


အရမ်းကို သြဇာတိက္ကမကြီးလွန်းတဲ့ ဆရာတော်တွေ ရှိသလို ရွာတိုင်း ရွာတိုင်းမှာ မိမိတို့ ရွာဦးကျောင်းဆရာတော်ရဲ့ ဆိုဆုံးမှု၊ လမ်းညွှန်မှုကို မျက်ကွယ်ပြုတယ်ဆိုတာတော့ မရှိဘူး။ ဒီဆရာတော်သံဃာတော်များက သူတို့ တတ်သိလေ့လာထားတဲ့ ပညာဗဟုသုတနဲ့ မိမိတို့ ကောင်းကျိုးချမ်းသာရဖို့ လမ်းညွှန်နိုင်တယ်ဆိုတာကို သိထားကြလို့ပဲ ဖြစ်ပါတယ်။


အခုတော့ အဲဒီလို မဟုတ်တော့ဘူး။ NLD အစိုးရ ပေါ်ပေါက်လာပြီးနောက်ပိုင်းမှာ ဘာသာတရားအပေါ် ရည်ရွယ်ချက်ရှိရှိ ဖန်တီးစော်ကားမှုတွေ လုပ်ဆောင်လာကြတယ်။ သံဃာတော်တွေကို ဆဲရေးတိုင်းထွာ စော်ကားဖို့လည်း ဝန်မလေးကြတော့ဘူး။ အဲဒီလို ၅နှစ်တာ ဖျက်ဆီးခြင်းခံရပြီး နောက်ပိုင်း အာဏာလက်မဲ့ ဖြစ်သွားချိန် အကြမ်းဖက်လမ်းစဉ်ကို ဖော်ဆောင်လာတဲ့အခါကြတော့ သံဃာတော်တွေကို ပစ်မှတ်ထား လုပ်ကြံသတ်ဖြတ်မှုတွေ ကျူးလွန်လာကြတယ်။ အဆိုးဆုံးအခြေအနေကတော့ သာသနာထွန်းကားရာအရပ်လို့ ဆိုကြတဲ့ စစ်ကိုင်းတိုင်းဒေသကြီးလို နေရာမျိုးမှာ သံဃာတော်တွေဟာ ကိုယ့်ကျောင်းကိုယ် မဝါမဆိုရဲဘဲ PDF အကြမ်းဖက်အန္တရာယ်ကြောင့် တိမ်းရှောင်နေကြရတဲ့ အခြေအနေအထိ ရောက်ခဲ့ပါတယ်။


ပြည်ပက အမေနဲ့ စကားပြောပြီး ဆရာတော်ဦးဝါသဝ ထံက ဖုန်းလာလို့ အဲဒီအကြောင်းအရာကိုပဲ ဆက်ပြောဖြစ်တယ်။ ဆရာတော်ရဲ့ မှတ်ချက်ကတော့ "သံဃာတော်တွေ အုပ်ချုပ်ဖို့ နေနေသာ PDF ကြောက်နေရလို့ ကိုယ့်ရွာကျောင်းမှာတောင် ဝါမဆိုရဲကြဘူး။ အရမ်းကို ဆိုးသွားတယ်။" လို့ မိန့်ပါတယ်။


အခြေအနေကို မှန်ကန်စွာ သုံးသပ်မယ်ဆိုရင် ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေဟာ အစဉ်အလာကောင်းတွေကို မထိန်းသိမ်းကြဘဲ အရိုင်းစိတ် အသွင်းခံခဲ့ရတယ်။ ကောင်းတာကို လိုက်နာဖို့ မလွယ်ကူပေမယ့် မကောင်းတာကို လမ်းညွှန်လိုက်ရင် လိုက်လုပ်ဖို့ အင်မတန်လွယ်ကူတယ်။ ဒါကြောင့် ကျွန်တော်က NLD အစွန်းရောက် အာဏာရမ္မက်ထနေသူတွေ အကြောင်း ရေးတိုင်း၊ ပြောတိုင်းမှာ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် အစွန်းရောက် အကြမ်းဖက် ဆိုတဲ့ သူတို့ရဲ့ ဝိသေသတွေ ပြည့်စုံအောင် ထည့်ပြောတယ်။ သူတို့ရဲ့ နိုင်ငံရေးလှုံ့ဆော်မှုက ဒီမိုကရေစီကို လိုလားသူတွေရဲ့ လှုံ့ဆော်မှုမျိုး မဟုတ်ဘူး။ အာဏာရှင်စနစ်ကို တည်ထောင်လိုသူတွေဆိုတာ သိသာတယ်။ နိုင်ငံရေးလှုံ့ဆော်မှုတွေ လုပ်ရာမှာ ဒီမိုကရေစီအရ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်၊ မိမိကြိုက်နှစ်သက်ရာပါတီကို အားပေးထောက်ခံခွင့် သူတို့ လက်မခံနိုင်ကြတော့ဘူး။ တော်လှန်ရေးမှာ မပါဝင်တဲ့သူမှန်သမျှကို ဒလန်လို့ ခေါင်းစဉ်တပ်ပြီး သတ်တယ်။ နောက်တော့ သံဃာတော်တွေဟာ သူတို့ရဲ့ တော်လှန်ရေးမှာ မပါဝင်ရကောင်းလားဆိုပြီး လုပ်ကြံသတ်ဖြတ်တယ်။ ရက်စက်ယုတ်မာလွန်းတဲ့သူတွေ ဖြစ်လို့ သူတို့ကို တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် အစွန်းရောက် အကြမ်းဖက် ဆိုတဲ့ ဝိသေသတွေ နဲ့ ပြည့်စုံစွာ ရေးသားပြောဆိုရခြင်း ဖြစ်ပါတယ်။


ဒီလို တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် အစွန်းရောက် အကြမ်းဖက်တွေ ထောင်းလမောင်းထနေချိန်မှာ ဆရာတော် ဦးဝါသဝ ကတော့ တစ်နိုင်ငံလုံးမှာမှ တစ်ပါးလို့ ဆိုနိုင်ပါရဲ့။ မိမိရပ်ရွာ အေးချမ်းတည်ငြိမ်ရေးအတွက်သာ လက်လှမ်းမီသမျှ တည်ငြိမ်အေးချမ်းအောင် ကြိုးပမ်းဆောင်ရွက်နေတယ်။ NLD အစွန်းရောက် PDF အကြမ်းဖက်တွေက ရန်ပြုစော်ကား တိုက်ခိုက်နေတဲ့ကြားက မှန်ကန်တဲ့ လုပ်ရပ်အတွက် ဇွဲမလျှော့ဘဲ လျှောက်လှမ်းနေတယ်။ အသက်အန္တရာယ်ကို ရန်ပြုခံခဲ့ရတာလည်း အကြိမ်ကြိမ်ပါပဲ။ ဒီလို အန္တရာယ်တွေကြားထဲမှာ ခလုတ်မထိ ဆူးမငြိဘဲ လျှောက်လှမ်းနေနိုင်တာကို လေးစားမိသလို သက်ရှည်ကျန်းမာစွာဖြင့် သာသနာ့အကျိုး၊ တိုင်းပြည်အကျိုး သယ်ပိုးထမ်းရွက်နိုင်ပါစေလို့ ဆန္ဒပြုမိပါတယ်။


ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်လူငယ်တွေ အရိုင်းစိတ်ဝင်လာကြတယ်။ ရတနာသုံးပါးကို အလေးမထားတော့သလို အနန္တောအနန္တငါးပါး ဆိုတာကိုလည်း လွယ်လွယ်မေ့ပျောက်လိုက်ကြပြီ။ နိုင်ငံရေးအစွန်းရောက်တွေရဲ့ လှုံ့ဆော်မှု၊ ဘာသာခြားတွေရဲ့ သပ်လျှိုသွေးခွဲမှုတွေကြောင့် လူငယ်တွေ လမ်းမှားရောက်ပြီး အစွန်းရောက် အကြမ်းဖက်သမားတွေ ဖြစ်ကုန်ကြရပါပြီ။ 


သံဃာအုပ်ချုပ်ရေး ယန္တရား ဘာကြောင့်ပျက်စီးရသလဲဆိုတာကို အကြောင်းရှာကြည့်ရင် အဂတိလေးပါး ကင်းရှင်းဖို့ ဟောပြောဆုံးမနေတဲ့ သံဃာတော်များကိုယ်တိုင်က ချစ်သူကို သာစေ၊ မုန်းသူကို နာစေ ဆန္ဒစွဲနဲ့ လမ်းမှာကို တွန်းပို့ခဲ့ကြတဲ့ သံဃာတွေလည်း ရှိနေပြန်တယ်။ နိုင်ငံရေးသမားတွေရဲ့ အသုံးချခံအဖြစ်နဲ့ သံဃာသင်းခွဲရုံတင် မဟုတ်တော့ဘဲ ဗုဒ္ဓဘာသာဝင် လူငယ်တွေကိုပါ အစွန်းရောက်အကြမ်းဖက်လမ်းစဉ်ပေါ် တွန်းပို့ခဲ့ကြတယ်။ ဒီလိုပုဂ္ဂိုလ်မျိုးတွေကြောင့် သံဃာတော်များရဲ့ သြဇာတိက္ကမ လျော့ကျလာပြီး သံဃာတော်တွေဟာ ပြန်လည်ခြိမ်းခြောက်ခံရတဲ့ အခြေအနေမျိုးမှသည် အကြမ်းဖက်သမားများရဲ့ ပစ်မှတ်ထား သတ်ဖြတ်ခြင်း ခံရသည်အထိ ယန္တရားကြီးတစ်လုံး ပျက်သုဉ်းသွားခဲ့ရပါတယ်။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)