MNP - နိုဝင်ဘာ ၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် (၆၀) ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန်လှည့်လည်အပူဇော်ခံပွဲကို ယမန်နေ့ နေ့လည် ၁ နာရီက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တပ်ရင်း/တပ်ဖွဲ့များ၊ မြို့ပေါ်ရပ်ကွက်(၅)ခု၊ လူမှုရေး အသင်းအဖွဲ့များ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ၊ အခြေခံပညာကျောင်းများ၊ လုပ်ငန်းရှင်များ၊ ယာဉ်လိုင်းများနှင့် အခြားအလှူရှင်ပြည်သူများက မိမိတို့၏ ကထိန်ပဒေသာပင် စုစုပေါင်း(၅၁)ပင်ကို အမှတ်(၄) ရပ်ကွက် မြို့ဦးသီရိမင်္ဂလာ ကျောင်းတိုက်ရှေ့မှစတင်ကာ အိုးစည်၊ ဒိုးပတ်၊ တိုင်းရင်းသားရိုးရာ အက/အလှများဖြင့် တီးမှုတ်ကခုန်ပြီး ပြည်ထောင်စုလမ်းမကြီးတလျှောက် မြို့တွင်းလှည့်လည် အပူဇော်ခံ ခဲ့ကြပြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်း၍ အေးချမ်းစွာ လှည့်လည်အပူဇော်ခံ နိုင်ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကျော်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့များ နှင့် ယာဉ်ထိန်းတပ်ဖွဲ့များက ကူညီဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါ ပဒေသာပင်များကို တန်ဆောင်မုန်းလပြည့်နေ့တွင် မြို့လယ်ဓမ္မာရုံ၌ သံဃာတော် အရှင်သူမြတ်တို့ထံတွင် ရေစက်ချတရားနာ၍ မဲနှိုက်ကာ အလှူရှင်များက မိမိတို့မဲပေါက်သော ဘုန်းကြီးကျောင်းများသို့ သွားရောက်ပို့ဆောင် လှူဒါန်းကြမည်ဖြစ်ကြောင်း သိရသည်။
သတင်း - သူရအောင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment