မင်းဘူး(စကု)မြို့နယ်၌ စကုမြို့မ အားကစားကော်မတီဥက္ကဋ္ဌဖလား မိုးရာသီဘောလုံးပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းဘူး(စကု)မြို့နယ်၌ စကုမြို့မ အားကစားကော်မတီဥက္ကဋ္ဌဖလား မိုးရာသီဘောလုံးပြိုင်ပွဲကျင်းပ



MNP - နိုဝင်ဘာ   ၆


မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ စကုမြို့မ အားကစားကော်မတီကကြီးမှူးကျင်းပသည့် ၂၀၂၂ ခုနှစ်၊ စကုမြို့မအားကစားကော်မတီ ဥက္ကဋ္ဌဖလား (မိုးရာသီ) အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီအချိန်က စကုမြို့မ အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။


 အဆိုပါ ယှဉ်ပြိုင်ကစားနေမှုများကို စကုမြို့အုပ်ချုပ်ရေးမှူးနှင့် အားကစားကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် နှစ်ဖက်အသင်းမှ ဘောလုံးအားကစားဝါသနာရှင် ပရိတ်သတ်များက တစ်ခဲနက် လာရောက်အားပေး ကြည့်ရှုခဲ့ကြသည်။


၂၀၂၂ ခုနှစ်၊ စကုမြို့မ အားကစားကော်မတီဥက္ကဋ္ဌဖလား (မိုးရာသီ) အမျိုးသားဘောလုံးပြိုင်ပွဲတွင် မင်းဘူး(စကု)မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများမှ ပြိုင်ပွဲအသင်းပေါင်း (၁၉)သင်းက အုပ်စုပတ်လည်ပြိုင်ပွဲများအဖြစ် စက်တင်ဘာ ၃ ရက်မှ အောက်တိုဘာ ၂၅ ရက်အထိ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး၊ ကွာတားဖိုင်နယ်နှင့် ဆီမီးဖိုင်နယ်ပွဲစဉ်များကို နိုဝင်ဘာ ၂ ရက်နေ့အထိ ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ကြသည်။ ပြိုင်ပွဲများအပြီးတွင် (ဗိုလ်လုပွဲ) ဖိုင်နယ်ပွဲစဉ်အဖြစ် အမှတ် အများဆုံးရရှိခဲ့သည့် ကန်သာ(က)အသင်းနှင့် စကုအမှတ်(၃)အသင်းတို့က နိုဝင်ဘာ ၄ ရက်နေ့တွင် အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြရာ ပွဲချိန်ပြည့် မိနစ် ၉၀ တွင် တစ်ဖက်(၂)ဂိုးစီဖြင့် သရေရလဒ် ထွက်ပေါ်ခဲ့၍ အချိန်ပို ဆက်လက်ယှဉ်ပြိုင်ရာ အနိုင်အရှုံး အဖြေမထွက်ခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ်ဖြင့် ဆက်လက်ယှဉ်ပြိုင်စေခဲ့ကာ ကန်သာ(က)အသင်းက (၆ - ၅) ဂိုးဖြင့် အနိုင်ရ ဗိုလ်ဆွဲပြီး ပထမဆုကို ရရှိခဲ့သည်။


ထို့နောက် ပြိုင်ပွဲအပြီးတွင် ဆုချီးမြှင့်ပေးအပ်ပွဲကို ဆက်လက်ကျင်းပခဲ့ရာ စကုမြို့မအားကစား ကော်မတီဥက္ကဋ္ဌ စကုမြို့အုပ်ချုပ်ရေးမှူး ဦးချိုဆန်းလွင်ဦးနှင့် တာဝန်ရှိသူများက ပြိုင်ပွဲတွင် ပထမဆုနှင့် ဒုတိယဆု ရရှိခဲ့ကြသည့် ပြိုင်ပွဲဝင်အားကစားသမားများအား ဆုဖလား၊ ဆုတံဆိပ်နှင့် တစ်ဦးချင်းအကောင်းဆုံး ကစားသမားဆုများကို အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်း - မောင်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)