ရေနံချောင်းမြို့က ဆင်းရဲနွမ်းပါးသူတစ်ဦးဖြစ်သည့် အံ့ဩဘဘိုကြည်မောင်(မသန်စွမ်း) အလှူရှင်တစ်ဦး၏ ကထိန်အလှူတော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေနံချောင်းမြို့က ဆင်းရဲနွမ်းပါးသူတစ်ဦးဖြစ်သည့် အံ့ဩဘဘိုကြည်မောင်(မသန်စွမ်း) အလှူရှင်တစ်ဦး၏ ကထိန်အလှူတော်



MNP - နိုဝင်ဘာ   ၅


မြန်မာလူမျိုး(ဗုဒ္ဓဘာသာ)တို့၏ မွန်မြတ်သည့်အလှူတစ်ခုဖြစ်သည့် ကထိန်သင်္ကန်းကပ်အလှူပွဲတော်ရာသီတွင် ငွေကြေးတတ်နိုင်သူများနှင့် သဒ္ဓါတရားထက်သန်သူများက ကထိန်သင်္ကန်းများနှင့် ပဒေသာပင်များ ဆက်ကပ်လှူဒါန်းကြချိန်တွင် မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့က မသန်စွမ်းတစ်ဦးဖြစ်ပြီး အများပြည်သူပေးကမ်းစွန့်ကြဲမှုဖြင့် စားသောက်နေထိုင်သူ မောင်မောင်ကြည်(ခ)ဘိုကြည်မောင်ကလည်း အများပြည်သူက ၎င်းအားပေးကမ်းစွန့်ကြဲထားသည့် ငွေကြေးများကိုစုဆောင်းကာ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်ခြင်း အလှူတော်ကို ယမန်နေ့နံနက် ၁၀ နာရီက ရေနံချောင်းမြို့ ရွှေကြာငုံရပ်ကွက် ရွှေကြာငုံဓမ္မာရုံတွင် ပြုလုပ်သည်။


ရှေးဦးစွာ ဘိုကြည်မောင်နှင့် ဧည့်ပရိတ်သတ်များက ပင့်သံဃာငါးပါးထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ကထိန်တရားတော်ကို နာယူကြည်ညိုကာ ရေစက်သွန်းချအမျှပေးဝေ သည်။ ထို့နောက် အလှူရှင်ဘိုကြည်မောင်နှင့် အလှူဖြစ်မြောက်ရေး ပံ့ပိုးကူညီသူများက သံဃာတော်များအား ကထိန်သင်္ကန်း၊ ဝတ္ထုငွေကျပ်ငါးသိန်းနှင့် ပဒေသာပင်များကို ကထိန်ရရှိသည့် မိတ္ထိလာမြို့နယ် ဝမ်းသာကျေးရွာ ဝမ်းသာဘုန်းတော်ကြီးကျောင်း ဆရာတော်နှင့် ပင့်သံဃာတို့ထံ ဆက်ကပ်ပြီးနောက် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည်။


မောင်မောင်ကြည်(ခ)ဘိုကြည်မောင်ကို ၎င်း၏လက်သုံးစကားဖြစ်သည့် “အံ့ဩဘ”  ဆိုသည့်စကားနှင့်တွဲဖက်၍ အံ့ဩဘဘိုကြည်မောင် ဟုလည်း လူသိများကြသည်။ ဘိုကြည်မောင်သည် တွန်းလှည်းတစ်စီးဖြင့် လမ်းမများတွင်နေထိုင်၍ အများပြည်သူ၏ စွန့်ကြဲပေးကမ်းမှုဖြင့် ဘဝရပ်တည်နေထိုင်သူဖြစ်ပြီး ၎င်းထံလှူဒါန်းပေးကမ်းကြသည့် ငွေများကိုစုဆောင်းကာ ရွှေကြာငုံ မဟာမုနိ အသံမစဲမဟာပဌာန်းပူဇော်ပွဲ ငွေပဒေသာ ပင်(၃၇၀၀၀)ကျပ်ကိုလည်းကောင်း၊ လွတ်လပ်ရေးနေ့ စာရေးတံမဲငွေသား (၁)သိန်းခွဲကျပ်နှင့် ပဒေသာပင်တစ်ပင်၏ ပစ္စည်းတန်ဖိုး(၁)သိန်းခွဲကျပ်ကိုလည်းကောင်း၊ ကျမ်းကိုင်ဘုရားပြုပြင်ရန် အလှူငွေ(၅)သောင်းကျပ်ကိုလည်းကောင်း၊ စတုပစ္စယရိုးမဆွမ်းလောင်းအသင်း ငွေပင်ငွေရင်းအလှူငွေ(၁)သိန်းကျပ်ကိုလည်းကောင်း၊ အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေး အလှုငွေ(၃)သောင်းကျပ်ကိုလည်းကောင်း လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း ၎င်း၏အလှူများဖြစ် မြောက်ရေးအတွက် ပံ့ပိုးကူညီပေးသူတစ်ဦးထံမှ သိရသည်။


အံ့ဩဘဘိုကြည်မောင်သည် ယခုကထိန်အလှူတော်အပြင် ဇိရ်နမာန်အောင်ဘုရားတွင် တည်ထားပူဇော်ရန် ဉာဏ်တော်သုံးပေခွဲရှိ တန်ဖိုးငွေကျပ်(၁၀)သိန်းကျော် ကျောက်ဆင်းတုတော်ကို ရွှေကြာငုံဓမ္မာရုံတွင် ပင့်ဆောင်ပူဇော်ထားပြီးဖြစ်ကြောင်း သိရသည်။


သတင်း - စိုးသူအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)