MNP - နိုဝင်ဘာ ၁၂
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ကန်သာကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့ နံနက် (၉) နာရီက မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)နှင့် ကျောင်းကြက်ခြေနီအသင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဆင်းပွဲ ကျင်းပခဲ့သည်။
ရှေးဦးစွာ၊ လယ်ဝေးမြို့နယ်၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းထွန်းက သင်တန်းဆင်း အမှာ စကားပြောကြားပြီး နေပြည်တော်ကြက်ခြေနီကြီးကြပ်မှုကော်မတီဝင် ဦးမောင်မောင်တာက သင်တန်း တွင် ပို့ချပေးခဲ့သည့် ဘာသာရပ်များအား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ဂုဏ်ထူးဆောင် တိုင်းတပ်ဖွဲ့မှူး ဦးတင်ငွေက သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပြီး သင်တန်းထူးချွန်ဆုရရှိသည့် သင်တန်းသား၊ သင်တန်းသူများအား နေပြည်တော် ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဝင် ဦးမောင်မောင်တာ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ သင်တန်းတွင် ကြက်ခြေနီအကြောင်းသိကောင်းစရာ၊ ကြက်ခြေနီအခြေခံမူကြီး(၇)ချက်၊ ဒဏ်ရာ အမျိုးမျိုး၊ သွေးဆုတ်သွေးလန့်လူနာဆန်းစစ်ခြင်း၊ အပူလောင်ခြင်းအမျိုးမျိုး၊ အဆိပ်သင့်ခြင်း၊ သတ္တဝါ များကိုက်ခြင်း၊ တုပ်ခြင်း၊ မြွေကိုက်ခြင်း၊ အခြေခံအသက်ကယ် အထောက်အကူပြုနည်း၊ အရိုးအဆစ် ကြွက်သားဒဏ်ရာများ၊ သတိလစ်ခြင်း၊ ဦးခေါင်းဒဏ်ရာ၊ ဆို့နင်ခြင်း၊ ဒဏ်ရာဆေးထည့် ခြင်းနှင့် ပတ်တီးစည်းခြင်းနှင့် လူနာသယ်ဆောင်နည်းများ စသည့်ဘာသာရပ်များကို နိုဝင်ဘာ (၉)ရက်မှ (၁၁)ရက်နေ့အထိ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
လယ်ဝေးမြို့နယ် ကြက်ခြေနီအသင်းခွဲအနေဖြင့် ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်းများကို အခြေခံပညာ အထက်တန်းကျောင်း (၄)ကျောင်းတွင် ဖွင့်လှစ်ခဲ့ပြီး မြို့နယ်အတွင်းရှိ ကျောင်းများတွင်လည်း ဆက်လက် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်း - ဝေကြည်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment