ကရင်သက္ကရာဇ်(၂၇၆၂)ခုနှစ် ကရင်နှစ်သစ်ကူးနေ့အခမ်းအနားကို အနှစ်သာရပြည့်ဝစွာနှင့် စည်ကားသိုက်မြိုက်စွာကျင်းပမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရင်သက္ကရာဇ်(၂၇၆၂)ခုနှစ် ကရင်နှစ်သစ်ကူးနေ့အခမ်းအနားကို အနှစ်သာရပြည့်ဝစွာနှင့် စည်ကားသိုက်မြိုက်စွာကျင်းပမည်




MNP -  နိုဝင်ဘာ ၁၂


ကရင်အမျိုးသားတို့၏ မျိုးချစ်စိတ်ဓာတ်ဖြင့် အစဉ်အဆက်ထိန်းသိမ်းလာခဲ့သော သမိုင်းဝင်နေ့ထူးနေ့မြတ် တစ်နေ့ဖြစ်သည့် ပြာသိုလဆန်းတစ်ရက်နေ့တွင် ကျရောက်မည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားကို ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ သီရီကွင်းအတွင်း၌ အနှစ်သာရပြည့်ဝစွာနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။


အစည်းအဝေးတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ယခင်နှစ်အတွေ့အကြုံနှင့် အကောင်းအဆိုးများကိုပြန်လည်သုံးသပ်၍ နှစ်သစ်တွင် မိမိတို့၏ပြည်နယ်သူ၊ ပြည်နယ်သားများအတွက်သာမက တိုင်းပြည်နှင့် လူမျိုးအတွက်ပါ အကျိုးရှိစေမည့် အကြံအစည်၊ စိတ်ကူးစိတ်သန်းနှင့် လုပ်ငန်းဆောင်တာများကို ပိုမိုစီစဉ်လုပ်ကိုင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ယခင်နှစ်များထက် အနှစ်သာရပြည့်ဝ၍ ပိုမိုစည်ကားသိုက်မြိုက်သော ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားဖြစ်စေရေး တက်ရောက်လာသော ကော်မတီဝင်များအနေဖြင့် အကြံပြုဆွေးနွေး ပေးကြစေလိုကြောင်း၊ ကရင်အမျိုးသားအလံတင်အခမ်းအနား၊ ကရင်နှစ်သစ်ကူးနေ့အခမ်းအနား၊ ဖီးဗူးယော် ကောက်သစ်စားပွဲအခမ်းအနားတို့ကို ကရင်တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းများအတိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း၊ လိုအပ်သည်များကြိုတင်ပြင်ဆင်၍ တက်ရောက်လာသူ အားလုံးကို ကရင်ရိုးရာအစားအစာများဖြင့် တည်ခင်းဧည့်ခံနိုင်ရေး စီစဉ်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပြခန်းများဖွင့်လှစ်ပြသ၍ ကရင်တစ်မျိုးသားလုံးနှင့် သက်ဆိုင်သည့် ကရင်ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို ထင်ဟပ်ပေါ်လွင်အောင် အကျယ်တဝင့်ခင်းကျင်းပြရန်လိုကြောင်း၊ အားကစားပြိုင်ပွဲများ၊ ဖျော်ဖြေရေးအစီအစဉ်များ၊ ပျော်ပွဲရွှင်ပွဲများကိုလည်း ထည့်သွင်းဆောင်ရွက်ဖို့လိုကြောင်း စသည်ဖြင့်လမ်းညွှန်အမှာစကားပြောကြားသည်။


ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ကရင်နှစ်သစ်ကူးနေ့အခမ်းအနားကို အနှစ်သာရပြည့်ဝစွာဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဆောင်ရွက်မည့်အစီအစဉ်များကို ရှင်းလင်းဆွေးနွေးကြပြီး အထောက်အကူပြုလုပ်ငန်းကော်မတီ (အတွင်းရေးမှူး)များက  သက်ဆိုင်ရာကော်မတီအလိုက် ဆောင်ရွက်ကြမည့်လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။


သတင်း - စောမျိုးမင်းသိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)