ကျောက်မဲမြို့၌ (၁၇) ကြိမ်မြောက် ခရိုင်/မြို့နယ်ဌာနဆိုင်ရာ စုပေါင်းမဟာဘုံကထိန် အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်မဲမြို့၌ (၁၇) ကြိမ်မြောက် ခရိုင်/မြို့နယ်ဌာနဆိုင်ရာ စုပေါင်းမဟာဘုံကထိန် အခမ်းအနား ကျင်းပ



MNP - နိုဝင်ဘာ   ၅


ရှမ်းပြည်နယ်‌(မြောက်ပိုင်း) ကျောက်မဲမြို့တွင်  (၁၇) ကြိမ်မြောက် ခရိုင်/မြို့နယ် ဌာနဆိုင်ရာ ဝန်ထမ်းများ စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီခွဲက မြို့ကျက်သရေဆောင်ခန်းမ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့် အညီ ကျင်းပခဲ့သည်။


အခမ်းအနားတွင် တက်ရောက်လာကြသော ဧည့်ပရိတ်သတ်မျာက “နမောတဿ” သုံးကြိမ် ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပြီး ဆရာတော်များထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြကာ ဆရာတော် သံဃာတော် အရှင်သူမြတ်များထံမှ မေတ္တာသုတ် တရားတော် မြတ်အားချီးမြှင့်တော်မူ၍ နာယူကြည်ညိုကြသည်။


ထို့နောက် ခရိုင်စီမံခန့်‌ခွဲ‌ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြင့်ဦး၊ အမှတ် ၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ၊ဒုတိယစစ်ဆင်‌ရေးကွပ်ကဲ‌ရေးမှူး ဗိုလ်မှူးကြီး အောင်ခိုင်မိုး၊ စစ်ဦးစီးမှူး (ပထမတန်း) (ဦး/ရေး/ထောက်)ဒုတိယဗိုလ်မှူးကြီးလွင်ဘုန်းအောင် ၊  ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဝန်ထမ်းများနှင့် အလှူရှင်များက ဆရာတော်နှင့် သံဃာတော် အရှင်သူမြတ်များထံ ကထိန်လျာ၊ ဉာတ်သင်္ကန်း၊ အခြံအရံ သင်္ကန်းများနှင့် လှူဖွယ်ဝတ္ထုများကို ဆက်ကပ်လှူဒါန်းကြကာ မြို့နယ်သံဃာနာယကဥက္ကဌ ပြည်လုံးချမ်းသာကျောင်းတိုက်၏ ဦးစီးပဓါန ဆရာတော်ဘဒ္ဒန္တပညာဝံသထံမှ ကထိန်အနုမောဒနာတရား နာယူကြပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ၍ အမျှပေးဝေခဲ့ကြသည်။


အဆိုပါ စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာတွင် ခရိုင်/မြို့နယ် ဌာနဆိုင်ရာများနှင့် အမှတ်(၁၁) အခြေခံပညာ မူလတန်းကျောင်းမှ လှူဒါန်းသည့် ကထိန်လျာ၊ ဉာတ်သင်္ကန်း၊ အခြံအရံ သင်္ကန်းများနှင့် လှူဖွယ်ဝတ္ထုများ၏ စုစုပေါင်းတန်ဖိုးငွေ ကျပ်(၂၂,၅၅၀,၇၀၀)သိန်းကို ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။


ယင်းနောက် ၂၀၂၃ ခုနှစ်အတွက် ကထိန်ခံမည့်ကျောင်းကို မဲနိုက်ရွေးချယ်ခဲ့ရာ (၁၈) ကြိမ်မြောက် ဌာနဆိုင်ရာများ၏ စုပေါင်း မဟာဘုံကထိန်မှာ ကျောက်မဲမြို့၊ အမှတ် ၂ ရပ်ကွက်ရှိ သာသနောဓယ ဘုန်းတော်ကြီးကျောင်းတွင် ခင်းမည်ဖြစ်ကြောင်း သိရသည်။


သတင်း - မိုင်းထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)