နိုင်ငံတော်က အသည်းအစားထိုးခွဲစိတ်ကုသမှုများ ပြန်လည်ဆောင်ရွက်နိုင်ရေး ပံ့ပိုးပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်က အသည်းအစားထိုးခွဲစိတ်ကုသမှုများ ပြန်လည်ဆောင်ရွက်နိုင်ရေး ပံ့ပိုးပေးလျက်ရှိ



MNP ၊ နိုဝင်ဘာ ၁

အထူးကုဆေးရုံကြီး (ခုတင်-၅၀၀) ရန်ကုန်မြို့၌ အသည်းအစားထိုးအလှူရှင်များအား ဂုဏ်ပြုပွဲအခမ်းအနားကို အောက်တိုဘာ ၂၉ ရက် နံနက်ကကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အေးထွန်းတက်ရောက်၍ ကျေးဇူးတင်ဂုဏ်ပြုစကားပြောကြားပြီး အခမ်းအနားသို့ အသည်း အစားထိုးကုသမှုဆောင်ရွက်ခဲ့ကြသည့် ဘာသာရပ်ဆိုင်ရာပါမောက္ခများ၊ အငြိမ်းစား ဆေးပညာရှင်ကြီးများ၊ ကျင့်ဝတ်ကော်မတီအဖွဲ့ဝင်များ၊ အသည်းအစားထိုးကုသမှုဆောင်ရွက်ခဲ့သည့် လူနာများနှင့် အလှူရှင်များ တက်ရောက်သည်။


အခမ်းအနားတွင် ဒုတိယဝန်ကြီးက မြန်မာနိုင်ငံ၌ အသည်းအစားထိုးခွဲစိတ်ကုသမှုကို ၂၀၀၄ ခုနှစ်တွင် ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီး၌ စတင်ဆောင်ရွက်ခဲ့ပြီး အရှေ့တောင်အာရှတွင် အသည်းအစား ထိုး ခွဲစိတ်ကုသမှု ရှေးဦးဆောင်ရွက်နိုင်ခဲ့သည့် နိုင်ငံများတွင် ပါဝင်ပါကြောင်း၊ အသည်းအစားထိုး ခွဲစိတ်ကုသမှုများ ပိုမိုဆောင်ရွက်နိုင်စေရေးအတွက် လုပ်ငန်းအဖွဲ့များ စနစ်တကျဖွဲ့စည်းပြီး ပြည်ပမှ ဆေးပညာရှင်များ ဖိတ်ကြားကာ ပိုမိုတိုးတက်အောင် ဆောင်ရွက်ခဲ့ကြကြောင်း၊ ရန်ကုန် အထွေထွေရောဂါကု ဆေးရုံသစ်ကြီးနှင့် အထူးကုဆေးရုံကြီး (ခုတင်-၅၀၀)ရန်ကုန်မြို့တို့၌ အသည်းအစားထိုး ခွဲစိတ်ကုသမှု ၃၂ ကြိမ် ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ကြောင်း။ အဆိုပါ ၃၂ ကြိမ် အနက် ၃၁ ကြိမ်မှာ အသည်းအလှူရှင်များ၏ လှူဒါန်းမှုဖြစ်ပြီး ကျန်တစ်ကြိမ်မှာ ဦးနှောက်သေ(Brain Death) လူနာထံမှဖြစ်ပါကြောင်း။


အသည်း အစားထိုးခွဲစိတ် ကုသမှု ဆောင်ရွက်ပေးခဲ့ကြသည့် ဆေးပညာရှင်များ၏ ကြိုးစားအားထုတ်မှုမှာ အဓိကကျသလို အသည်းအစားထိုးအလှူရှင်များ၏ မွန်မြတ်သော အလှူဒါနအတွက်လည်း အထူးကျေးဇူးတင် ဂုဏ်ယူပါကြောင်း၊ အသည်းအစားထိုး အလှူရှင်များအားဂုဏ်ပြုပွဲကို ၂၀၁၇ ခုနှစ်၊ ၂၀၁၈ ခုနှစ်၊ ၂၀၁၉ ခုနှစ်တို့တွင် နှစ်စဉ်ကျင်းပခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအခြေအနေများကြောင့် ၂၀၂၂ ခုနှစ်မှ စတုတ္ထအကြိမ် ကျင်းပနိုင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်နှင့်ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အသည်းအစားထိုး ခွဲစိတ်ကုသမှုများ ပြန်လည်ဆောင်ရွက်နိုင်ရေး ပံ့ပိုးပေးလျက်ရှိရာ ဆေးပညာရှင်များ အားလုံးလည်း ပူးပေါင်းဆောင်ရွက်ပေးကြစေလိုပါကြောင်း ပြောကြားသည်။


ထို့နောက် ဆေးရုံအုပ်ကြီး၊ အထူးကုဆေးရုံကြီး (ခုတင်-၅၀၀) ရန်ကုန်မြို့က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီး ပါမောက္ခ/ဌာနမှူး (အသည်းနှင့် သည်းခြေလမ်းကြောင်း ခွဲစိတ်)၊ ဆေးတက္ကသိုလ် (၂) ရန်ကုန်မြို့က အသည်းအစားထိုးခွဲစိတ်ကုသမှုဆောင်ရွက်ခဲ့သည့် အခြေအနေများကို ရှင်းလင်းပြောကြား သည်။


ဆက်လက်၍ အသည်းအလှူရှင်တစ်ဦးက လှူဒါန်းရ သည့် အကြောင်းနှင့် လှူဒါန်းပြီး နောက် ကျန်းမာရေး အခြေအနေကို ရှင်းလင်းပြောကြားပြီး  အသည်းအစားထိုးလူနာတစ်ဦးက ကျေးဇူးတင်စကားပြောကြားကာ အသည်း အလှူရှင်များအား အမှတ်တရ ဂုဏ်ပြုလက်ဆောင်များ ပေးအပ်သည်။


ဆက်လက်၍ ဒုတိယဝန်ကြီးသည် ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ကလေးဆေးရုံကြီး-(ရန်ကုန်မြို့)၊ ဗဟိုအမျိုးသမီးဆေးရုံကြီး (ရန်ကုန်မြို့)နှင့် ခုတင်-၅၅၀ ဆံ့ ကလေးဆေးရုံကြီး- (ရန်ကုန်မြို့)တို့သို့ သွားရောက်၍ အရေးပေါ်နှင့် ပြင်ပလူနာဌာနများ၊ လူနာဆောင်များသို့ လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လူနာများအားတွေ့ဆုံကာ အားပေးစကားပြောကြား၍ ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများအား ဆေးရုံလုပ်ငန်းဆောင်ရွက်မှုများ တိုးတက်စေရေးမှာကြားသည်။


ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ဝေဘာဂီအထူးကု ဆေးရုံကြီးရှိ အသစ်တည်ဆောက်ပြီးစီးသည့် ခုတင်-၁၁၀ ဆံ့ ကုသဆောင်အသစ်သို့ သွားရောက်၍ အဆောက်အအုံကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ အဆောက်အအုံသစ် ဖွင့်လှစ်နိုင်မည့် အစီအစဉ်များကို ရန်ကုန်တိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှူး၊ ဆေးရုံအုပ်ကြီးနှင့် အထူးကုဆရာဝန်ကြီးများ၊ အဆောက်အအုံဆောက်လုပ်လှူဒါန်းသော AW Foundation မှ တာဝန်ရှိသူများနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)