မြောင်းမြခရိုင်အတွင်းရှိ မြို့များတွင် စုပေါင်းမဟာဘုံကထိန်အလှူပွဲများ စည်ကား သိုက်မြိုက်စွာ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောင်းမြခရိုင်အတွင်းရှိ မြို့များတွင် စုပေါင်းမဟာဘုံကထိန်အလှူပွဲများ စည်ကား သိုက်မြိုက်စွာ ကျင်းပ

 


MNP - နိုဝင်ဘာ   ၈


ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင်အတွင်းရှိ မြောင်းမြ၊ အိမ်မဲ၊ ဝါးခယ်မမြို့နယ်များ၌ မြန်မာရိုးရာ ဘာသာ၊ သာသနာယဉ်ကျေးမှု အမွေအနှစ်တစ်ခုဖြစ်သော စုပေါင်း မဟာဘုံကထိန် အလှူပွဲများကို စည်ကားသိုက်မြိုက်စွာ ပြုလုပ်ကျင်းပလျက်ရှိကြောင်း သိရသည်။  


ထိုသို့ စုပေါင်း မဟာဘုံကထိန် အလှူပွဲများကို ကျင်းပပြုလုပ်ရာတွင် တန်ဆောင်မုန်းလပြည့်နေ့ ယမန်နေ့နံနက် ၈:၃၀ အချိန်က မြောင်းမြမြို့ မြစိမ်းရောင်တောင်တော် မြတိဂုံ စေတီတော်ကြီးတွင် မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြောင်းမြမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးမှူးကျင်းပသည့် ဌာနပေါင်းစုံစုပေါင်းမဟာဘုံကထိန် အလှူပွဲကြီးကို ကျင်းပပြုလုပ်ခဲ့ရာ ဆွမ်းကွမ်းအလှူ ငွေကျပ်(၅၁၀,၀၀၀)နှင့်အတူ ပစ္စည်းနှင့်ငွေသားတန်ဖိုး စုစုပေါင်းငွေကျပ် (၁၇,၇၇၉,၀၀၀)ကို ပဒေသာပင် (၁၇)ပင် ပြုလုပ်လှူဒါန်းခဲ့ပြီး မဲပေါက်သည့် ကျောင်းတိုက်များသို့ ပဒေသာပင်လှူဒါန်းသည့် သက်ဆိုင်ရာဌာနများက သွားရောက်ပို့ဆောင် လှူဒါန်းခဲ့သည်။ မြစိမ်းရောင်တောင်တော်တွင် ကျေးရွာပြည်သူများက စုပေါင်းလှူဒါန်း ပြုလုပ်သည့် မဟာဘုံကထိန် အလှူပွဲကြီးကိုလည်း တစ်ချိန်တည်းမှာပင် ကျင်းပပြုလုပ်ခဲ့သည်။


ထို့အတူ အိမ်မဲမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့် (၃၃)ကြိမ်မြောက် စုပေါင်းဘုံကထိန် လှည့်လည်ပွဲနှင့် ပဒေသာပင်ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့နံနက် (၆)နာရီက ကျင်းပရာ ပစ္စည်းနှင့်ငွေသားတန်ဘိုး စုစုပေါင်းငွေကျပ် (၂၇,၅၀၀,၀၅၀)ကို ပဒေသာပင် (၅၉)ပင် ပြုလုပ်လှူဒါန်းခဲ့ပြီး မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးမှတစ်ဆင့် ပဒေသာပင်မဲပေါက်ရာ သက်ဆိုင်ရာကျောင်းတိုက် အသီးသီးကို လည်းကောင်း၊ ဝါးခယ်မမြို့နယ်၌ (၅၆)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာ ဘုံကထိန်ပွဲတော်ကို ကွမ်းခြံကုန်းကျောင်းတိုက်၌ ယမန်နေ့နံနက် ၉ နာရီ အချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်ကြီးမှူး၍ ပစ္စည်းနှင့်ငွေသားတန်ဘိုး စုစုပေါင်းငွေကျပ် (၁၃,၀၉၁,၁၀၀) ကို ပဒေသာပင်များပြုလုပ်၍ ကျောင်းပေါင်း(၆၃) ကျောင်းကို လှူဒါန်းခဲ့ကြောင်းသိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)