ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း



MNP ၊ နိုဝင်ဘာ  ၁

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်း များ၊ ဘာသာရေးကျောင်းများနှင့် ဘိုးဘွားရိပ်သာများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်း နှင့် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၃၁ ရက်တွင်  စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်နှင့် လေရှီးမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း(၇၇)ကျောင်းမှ သံဃာတော် ၂၁၆ ပါး၊ သာမဏေ ၈၀ ပါးနှင့် သာသနာနွယ်ဝင် သီလရှင် ၄၁ ပါးတို့အား အမယ်(၄)မျိုးနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခြင်းကို ခန္တီးမြို့၊ သီတဂူ စက္ခုဒါနဆေးရုံတော်၌ပြုလုပ်ရာ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ ရွှေကျင် နိကာယဥပဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက မဟာဓမ္မ ကထိက ဗဟုဇနဟိတဓရ ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရ ကြွရောက်တော်မူပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံ တိုင်းရင်းသား ပြည်သူများတက်ရောက်၍ အမယ်(၄)မျိုးနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြသည်။

အလားတူ အောက်တိုဘာ ၃၁ ရက်နှင့် ယနေ့တို့တွင် မွန်ပြည်နယ်၊ သထုံမြို့ရှိ မင်္ဂလာအေးကမ္မဌာန်းကျောင်းတိုက်၊ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့ရှိ မြို့မပရိယတ္တိ စာသင်တိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ အောင်ချမ်းသာရပ်ကွက်ရှိ သာသနာ့မဏ္ဍိုင်ကျောင်းတိုက်၊  လှည်းကူးမြို့နယ်၊ ဇရပ်ကျေးရွာရှိ စမ်းရေဖျားတောရ တပ်ဦးကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များမှ ဘုန်းတော်ကြီး ကျောင်း(၃)ကျောင်း၊ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များမှ ဘုန်းတော်ကြီးကျောင်း(၄) ကျောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ကံသာယာကျေးရွာရှိ ထေရဝါဒ ဗုဒ္ဓသာသနာပြုကျောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ဘုန်းတော်ကြီး ကျောင်း(၃)ကျောင်းနှင့် သာသနာနွယ်ဝင်သီလရှင် ကျောင်း(၃)ကျောင်း၊ မကွေးတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်များမှ ဘုန်းတော်ကြီးကျောင်း(၆)ကျောင်းတို့မှ သံဃာတော် များနှင့် သာသနာနွယ်ဝင်သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နဝကမ္မအလှူငွေများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူ ပြုပစ္စည်းများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်း များကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်းကြပြီး နယ်မြေခံဆေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေးစစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

ထို့ပြင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ မန်းတောင်ခြေဘိုးဘွားရိပ်သာမှ အဘိုး၊ အဘွားများအား အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ်၊ မန္တလေးတပ်နယ်မှ နယ်မြေခံတပ်မတော်သားများက အလှူငွေများနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများ သွားရောက်လှူဒါန်းပြီး နယ်မြေခံဆေးအဖွဲ့က လိုအပ်သည့်ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးသည်။

အလားတူ ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်၊ ဝန်ထမ်း၊ အရာထမ်း၊ အမှုထမ်း မိသားစုများက ‌နေပြည်တော်ကောင်စီနယ်မြေ၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင် ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသ ကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့ရှိ  ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်တိုက်များမှ သံဃာတော်များအား ဆွမ်းဆန်တော်နှင့် စားသောက်ဖွယ်ရာများ အသီးသီးသွား ရောက် ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)