မင်္ဂလာတောင်ညွန့်မြို့နယ်နှင့် တာမွေမြို့နယ်တို့တွင် အပြစ်မဲ့ပြည်သူများအား အကြမ်းဖက် လုပ်ကြံသတ်ဖြတ်မှုများနှင့် ဓားပြတိုက် လုယက်မှုများ ကျူးလွန်ခဲ့သည့် တရားခံများအား ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်္ဂလာတောင်ညွန့်မြို့နယ်နှင့် တာမွေမြို့နယ်တို့တွင် အပြစ်မဲ့ပြည်သူများအား အကြမ်းဖက် လုပ်ကြံသတ်ဖြတ်မှုများနှင့် ဓားပြတိုက် လုယက်မှုများ ကျူးလွန်ခဲ့သည့် တရားခံများအား ဖမ်းဆီးရမိ





MNP ၊ နိုဝင်ဘာလ ၂၃

    ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ တောင်ညွန့်ကြီး ရပ်ကွက်ရှိ ပုဇွန်တောင်ဘူတာ၊ ဘူတာရုံးခန်းအတွင်းသို့ ပစ္စတို ၁ လက် ကိုင်ဆောင်ထားသည့်  အကြမ်းဖက်သမား ကျား ၂ ဦး ဝင်ရောက်လာပြီး ဘူတာစာရေး ဦးသိန်းဝင်းထွန်း အား လက်နက်ဖြင့်ခြိမ်းခြောက်ကာ ရုံးခန်းအတွင်းရှိ ဆိုင်ခန်းခကောက်ခံငွေနှင့် ရထား လက်မှတ်ရောင်းရငွေ စုစုပေါင်း ငွေကျပ်သိန်း ၂၀၀ ကျော်အား လုယက်ယူဆောင်သွားခဲ့ ကြောင်း သိရှိရသည်။


    အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ လုံခြုံရေးပူးပေါင်းအဖွဲ့မှ တရားခံများအား အမြန်ဆုံး ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာလ ၂၂ ရက် ညနေပိုင်းတွင် ဗဟန်းမြို့နယ်၊ ရေတာရှည်ရပ်ကွက်၊ ရေတာရှည်လမ်းဟောင်းရှိ လက်ဘက်ရည်ဆိုင်၌ မင်္ဂလာတောင်ညွန့် မြို့နယ်၊ တောင်ညွန့်ကြီးရပ်ကွက်ရှိ ပုဇွန်တောင်ဘူတာ၊ ဘူတာရုံးခန်းအား ဓားပြတိုက် လုယက်ရာတွင် ပါဝင်ခဲ့သည့် သူရိန်ထွန်း(ခ)ဖိုးသား၊ ၎င်းနှင့် တရားမဝင် ပေါင်းသင်းနေသူ အိအိဇော်နှင့် ဝေလင်းအောင် တို့ ၃ ဦးအား ဖမ်းဆီးရမိခဲ့သည်။


    တရားခံ သူရိန်ထွန်း(ခ)ဖိုးသား ၏ ထွက်ဆိုချက်အရ ယင်းနေ့ညပိုင်းတွင် ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ ဧရာချမ်းသာကွန်ဒို၊ တိုက်အမှတ်(၁၀/ဘီ)၊ (၁၅)လွှာ၊ အခန်းအမှတ် (၂၁၇)၌ ဓားပြတိုက်လုယက်မှု ကျူးလွန်ရာတွင် ပါဝင်သည့် ဆက်စပ်တရားခံများ ဖြစ်သော ရဲရင့်ခန့် နှင့် ထွန်းလင်းအောင် တို့ ၂ ဦးအား ထပ်မံဖမ်းဆီး ရမိခဲ့သည်။


    တရားခံ ထွန်းလင်းအောင် ၏ ထွက်ဆိုချက်အရ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၉၄)ရပ်ကွက်၊ ယုဇနဉယျာဉ်မြို့တော်၊ တိုက်အမှတ်(၃၁)၊ အခန်းအမှတ်(၃၀၃)၌ Glock ပစ္စတို ၁ လက်၊ Sig Sauer ပစ္စတို ၁ လက်၊ အမျိုးအစား(စိစစ်ဆဲ)ပစ္စတို ၁ လက်၊ ၆ လုံးပြူး ၁ လက်၊ ကျည်အိမ်မျိုးစုံ ၆ ခု၊ ကျည်မျိုးစုံ ၁၅၂ တောင့် ၊ အသံတိတ် ပြောင်း ၁ ခု၊  လက်ပစ်ဗုံး မျိုးစုံ ၃၃ လုံး၊ ရှေ့ထွက်မိုင်း ၁ လုံး၊ TNT ယမ်းတောင့် ၁၆ တောင့်၊ ဒီတိုနေတာ ၁၀၀ ချောင်းနှင့် ဖောက်ခွဲရေး ဆက်စပ်ပစ္စည်းများအား သိမ်းဆည်း ရမိခဲ့သည်။


    ဖြစ်စဉ်တွင် ဓားပြတိုက်လုယက်မှုကျူးလွန်ရာ၌ ပါဝင်ခဲ့သည့် တရားခံ ကျား ၄ ဦး၊ မ ၁ ဦး ပေါင်း ၅ ဦးတို့အား ပစ္စတိုမျိုးစုံ ၃ လက်၊ ၆ လုံးပြူး ၁ လက်၊ ကျည်အိမ်မျိုးစုံ ၆ ခု၊ ကျည်မျိုးစုံ ၁၅၂ တောင့် ၊ အသံတိတ်ပြောင်း ၁ ခု၊ လက်ပစ်ဗုံးမျိုးစုံ ၃၃ လုံး၊ ရှေ့ထွက်မိုင်း ၁ လုံး၊ TNT ယမ်းတောင့် ၁၆ တောင့်၊ ဒီတိုနေတာ ၁၀၀ ချောင်းနှင့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။


    ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ သူရိန်ထွန်း(ခ)ဖိုးသားနှင့် ရဲရင့်ခန့် တို့ ၂ ဦးသည် ဖမ်းဆီးရန်ကျန်တရားခံ အားညီ၏ ချိတ်ဆက်ပေးမှုဖြင့် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လတွင် KNLA တပ်မဟာ(၇)လှုပ်ရှားနယ်မြေ၌ အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရေး သင်တန်းအား ၁ လခန့် တက်ရောက်ခဲ့ကြောင်းနှင့်  ဓားပြတိုက်လုယက်မှု ကျူးလွန်ရာတွင် အသုံးပြုမည့် လက်နက်/ခဲယမ်းများအား ဖမ်းဆီးရန်ကျန်တရားခံ အားညီ သည် မြဝတီမြို့မှတစ်ဆင့် သူရိန်ထွန်း(ခ)ဖိုးသားထံသို့ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။


    ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ဓားပြတိုက်လုယက်မှုဖြစ်စဉ် မဖြစ်ပွားမီ ဘူတာစာရေး သန်းဇော်ဦး(နိုဝင်ဘာလ ၁ ရက်တွင် ဖမ်းဆီးရမိ)သည် လက်ဖက်ရည် ဆိုင်သို့ ကြိုတင်သွားရောက် ရှောင်တိမ်းနေခဲ့ပြီး သူရိန်ထွန်း(ခ)ဖိုးသားနှင့် ရဲရင့်ခန့် တို့အား ဖုန်းဆက်၍ ပုဇွန်တောင်ဘူတာ ရုံးခန်း၌ ဘူတာစာရေး ဦးသိန်းဝင်းထွန်း တစ်ဦးတည်းသာ ကျန်ရှိနေခဲ့ပြီး ဝင်ရောက်ဓားပြတိုက် လုယက်ရန် သတင်းပေးခဲ့ကြောင်း၊ သို့ဖြစ်၍ သူရိန်ထွန်း(ခ)ဖိုးသားနှင့် ရဲရင့်ခန့်တို့သည် ပစ္စတို ၁ လက် ကိုင်ဆောင်ကာ ပုဇွန်တောင်ဘူတာရုံးခန်းအတွင်းသို့ ဝင်ရောက်၍ ဓားပြတိုက်လုယက်မှု ကျူးလွန်ခဲ့ပြီး ထွန်းလင်းအောင်မှ အခြေအနေစောင့်ကြည့်ပေးခဲ့ကြောင်း  ဖော်ထုတ်သိရှိရသည်။


    ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ဖမ်းဆီးရန်ကျန် အားညီ ၏ ခိုင်းစေမှုဖြင့် အပြစ်မဲ့ပြည်သူများအား အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်မှု ၂ ကြိမ်နှင့် နိုင်ငံတော်၏ အုပ်ချုပ်မှု ယန္တရားပျက်ပြားစေရန်နှင့် အပြစ်မဲ့ပြည်သူများ ထိတ်လန့်မှုဖြစ်စေရန် ရည်ရွယ်၍ အများပြည်သူနှင့်သက်ဆိုင်သောနေရာများတွင် အကြမ်းဖက်ဖောက်ခွဲမှု ၂ ကြိမ် ကျူးလွန်ခဲ့ ကြောင်း ဖော်ထုတ်သိရှိရသည်-


-  ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၃ ရက်တွင် တာမွေမြို့နယ်၊ ကျားကွက်သစ်ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးအား သူရိန်ထွန်း(ခ)ဖိုးသားနှင့် ထွန်းလင်းအောင်တို့မှ လက်လုပ်မိုင်း ၁ လုံးဖြင့် ပစ်ခတ်ဖောက်ခွဲခဲ့ပြီး အပြစ်မဲ့ပြည်သူ ၁ ဦး သေဆုံး၍ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း။


-  ဩဂုတ်လ ၈ ရက်တွင် တာမွေမြို့နယ်၊ ကျောက်မြောင်းကြီး(အရှေ့)ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့၌ ရာအိမ်မှူး ဦးကျော်မင်းဟန်အား သူရိန်ထွန်း (ခ)ဖိုးသားမှ ပစ္စတိုဖြင့် ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခဲ့ပြီး ထွန်းလင်းအောင်မှ အခြေအနေကြည့်ရှုပေးခဲ့ကြောင်း။


-  စက်တင်ဘာလ ၁၀  ရက်တွင် တာမွေမြို့နယ်၊ ဗျိုင်းရေအိုးစင်ကွက်သစ် ရပ်ကွက်၊ ဗညားဒလလမ်းပေါ်၌ သူရိန်ထွန်း(ခ)ဖိုးသားနှင့် ထွန်းလင်းအောင် တို့မှ လက်လုပ်ရီမုမိုင်း ၁ လုံး ဖောက်ခွဲခဲ့ပြီး ရဲရင့်ခန့်မှ အခြေအနေကြည့်ရှု ပေးခဲ့ကြောင်း။


-  စက်တင်ဘာလ ၁၃ ရက်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကျီတော်ရပ်ကွက်၊ အထက်ပုဇွန်တောင်လမ်း၊ ပုဇွန်တောင်မီးရထားဝင်းအတွင်းရှိ သက်သာဆိုင်၌ အပြစ်မဲ့ပြည်သူ ဦးအောင်အောင် အား သူရိန်ထွန်း(ခ)ဖိုးသားမှ ပစ္စတိုဖြင့် ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခဲ့ပြီး ထွန်းလင်းအောင်မှ အခြေအနေကြည့်ရှုပေး ခဲ့ကြောင်း။


သို့ဖြစ်ပါ၍ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အကြမ်းဖက်မှုဆောင်ရွက်နေသူများအား ပြည်သူ တစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန်နှင့် ပြစ်မှုကျူးလွန်ရာတွင် ပါဝင် ပတ်သက်သူများ၊ နောက်ကွယ်မှ ထောက်ပံ့ပေးလျက်ရှိသော ဆက်စပ်တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများချီးမြှင့် ပေးမည်ဖြစ်ကြောင်းနှင့် မြို့ရွာများ အမြန်ဆုံးအေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူ တစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်း ဆောင်ရွက်နိုင်ပါရန် သတင်းထုတ်ပြန်ထားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)