မန္တလေးတိုင်းဒေသကြီး ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးကော်မတီ အစည်းအဝေး (၁/၂၀၂၂) ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးတိုင်းဒေသကြီး ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးကော်မတီ အစည်းအဝေး (၁/၂၀၂၂) ကျင်းပ

 



MNP - နိုဝင်ဘာ  ၂၅


မန္တလေးတိုင်းဒေသကြီး ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၂) ကို  ယမန်နေ့နံနက်  ၈နာရီအချိန်၌ ပုဂံရှေးဟောင်း သုတေသနပြတိုက်အစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ခဲ့ရာ ကော်မတီ ဥက္ကဋ္ဌ ဖြစ်သည့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင်ဦးမောင်ကိုနှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ စီးပွားရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီးနှင့်  ကော်မတီဝင်များ၊ ညောင်ဦးခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။


လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီးယဉ်ကျေးမှုအမွေအနှစ်များကာကွယ်ထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌက  အမျိုး သားအဆင့် ယဉ်ကျေးမှုအမွေအနှစ်ဒေသများကာကွယ် ထိန်းသိမ်းရေးကော်မတီ၏ (၁၂.၁၀.၂၀၂၁) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၇/၂၀၂၁) နှင့် မန္တလေးတိုင်းဒေသကြီး ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးကော်မတီကို ပြင် ဆင်ဖွဲ့စည်းပေးခဲ့ပါကြောင်း၊ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယခုပထမအကြိမ် ကျင်းပပြုလုပ်နိုင်ခြင်းဖြစ်ပါကြောင်း၊   ကမ္ဘာ့အမွေအနှစ်နှင့်အမျိုးသားအဆင့် ယဉ်ကျေးမှုအမွေ အနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေးနှင့် စီမံခန့်ခွဲရေး လုပ်ငန်းများဆောင်ရွက်ခြင်း၊ ကမ္ဘာ့အမွေအနှစ် ဒေသအတွင်း တည်ဆောက်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက်  ပုဂံဒေသဘက်စုံ လွှမ်းခြုံသော စီမံခန့်ခွဲရေး မူဘောင်နှင့်အညီဖြစ်စေရေးကြပ်မတ်ဆောင်ရွက်ခြင်းတို့သည် ကော်မတီ၏လုပ်ငန်းတာဝန်များဖြစ်ပါကြောင်း၊ ပုဂံဒေသသည် ရှေးယခင်ကတည်းက အမွေ အနှစ်များနှင့် ဒေသခံပြည်သူများ ယှဉ်တွဲနေထိုင်ခဲ့ကြသည့်အတွက် အမွေအနှစ်ကိုလည်း ထိန်းသိမ်းရင်း ဒေသခံများအတွက် ဖွံ့ဖြိုးရေးကိုလည်း ပုဂံဒေသ ဘက်စုံလွှမ်းခြုံသော စီမံခန့်ခွဲ ရေးမူဘောင်အတွင်းမှ ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိမြို့များတွင် ညောင်ဦးမြို့နှင့် ပုဂံမြို့တို့သည် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ယဉ်ကျေးမှုအမွေအနှစ်များကို ပိုင်ဆိုင်ထားသည့် ထူး ခြားသည့် မြို့များဖြစ်ပြီး ယဉ်ကျေးမှုအမွေအနှစ်များ ပေါများသကဲ့သို့ ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်ဝင်ရောက်လည်ပတ်မှုလည်း များပြားသည်ကို တွေ့ရှိရပါကြောင်း၊ ဒေသခံများသည်လည်း ခရီးသွားဧည့်သည်များအတွက် ဝန်ဆောင်မှု ဆောင်ရွက်ပေးရသည့်လုပ်ငန်းများကြောင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး စားဝတ်နေရေး အဆင်ပြေနိုင်သည်ကို တွေ့ရှိရပါကြောင်း၊  အမွေအနှစ်ကာကွယ်ထိန်း သိမ်းမှုလုပ်ငန်းတွင် ဒေသခံများပါ ပူးပေါင်းကာကွယ်ထိန်းသိမ်းနိုင်ရေး ရှင်းလင်းချပြကာ စည်းရုံးရေးနည်းဖြင့် ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊  ပုဂံဒေသယဉ်ကျေးမှု အမွေအနှစ်များကို ပျက်စီးဆုံးရှုံးမှုမရှိအောင် ကာကွယ်ထိန်းသိမ်းရေးနှင့် နယ်မြေဒေသလုံခြုံ အေးချမ်းပြီး ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မန္တလေးတိုင်းဒေသကြီးယဉ်ကျေးမှု အမွေအနှစ်များကာကွယ်ထိန်းသိမ်းရေးကော် မတီနှင့် ပုဂံညောင်ဦးဒေသရှိ ဌာနဆိုင်ရာများ၊ ဒေသခံများ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြစေလိုကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။  ၎င်းနောက် ကော်မတီဝင် ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူးက ကော်မတီအစည်း အ ဝေး (၂/၂၀၂၀) ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို တင်ပြခဲ့ပြီး ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို တင်ပြ သည်။


ကော်မတီ အတွင်းရေးမှူး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ ညွှန်ကြားရေးမှူးက ကော်မတီအစည်း အဝေး (၂/၂၀၂၀) ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို တင်ပြခဲ့ပြီး ပုဂံယဉ်ကျေးမှုအမွေအနှစ် ဒေသစီမံခန့်ခွဲမှုနှင့်ပတ်သက်၍ အမှာစာ (၉)စောင်တင်သွင်းသည်။


ဆက်လက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်လာကြသူများကယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေး၊  ပုဂံဒေသဖွံ့ဖြိုး တိုးတက်ရေးကိစ္စရပ်များအတွက် ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး မန္တလေးတိုင်းဒေသကြီးယဉ်ကျေးမှုအမွေအနှစ်များကာကွယ်ထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြား၍ ၉ နာရီကျော်အချိန်တွင်အစည်းအဝေးရုပ်သိမ်းခဲ့သည်။


သတင်း - ကိုကြေးမုံ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)