MNP ၊ နိုဝင်ဘာ ၇
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့ မြို့မကျောင်းကြီး၌နှစ်စဉ် ကျင်းပမြဲဖြစ်သော (၈၁)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ် လှူဒါန်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ(၁)နာရီက အဆိုပါမြို့မကျောင်းကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပင့်ဖိတ်ထားသော ဆရာတော် သံဃာတော်များနှင့် ဧည့်ပရိတ်သတ်တို့က နမောတဿ (၃)ကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ကြသည်။
ထို့နောက် မြို့နယ် သံဃာ့နာယကအဖွဲ့ ဥက္ကဋ္ဌ၊ ကုန်းတန်းကျောင်းဆရာတော်ဘဒ္ဒန္တစန္ဒထံမှငါးပါးသီလကို ခံယူဆောက်တည်ကြပြီး ပင့်သံဃာတော် အရှင်သူမြတ်များက ရွတ်ပွားသရဇ္ဇျယ်ကြသော မေတ္တာသုတ် ပရိတ်တရားတော်မြတ်ကို နာယူကြသည်။
ဆက်လက်၍ မြို့မကျောင်းကြီးဒါယကာ၊ဒါယိကာမများကိုယ်စား ကျောင်းဒါယကာဦးမြဒင်က ကထိန်လျာမြတ်သင်္ကန်းနှင့်ဒါယကာ၊ဒါယိကာမများက လှူဖွယ်ဝတ္ထုပစ္စည်းများကို သံဃာတော်များထံ ဆက်ကပ် လှူဒါန်းကြပြီး မြို့နယ် သံဃာ့ နာယက အဖွဲ့ဥက္ကဋ္ဌ၊ ကုန်းတန်းကျောင်းဆရာတော်ဘဒ္ဒန္တ စန္ဒထံမှကထိန်အကျိုးတရားတော်မြတ်ကို နာယူ၍ လှူဒါန်းမှုအစုစုတို့အား ရေစက်သွန်းချ အမျှ ပေးဝေကာ ``ဗုဒ္ဓသာသနံစိရံတိဋ္ဌတု´´(၃)ကြိမ်ရွတ်ဆိုအခမ်းအနားရုပ်သိမ်းခဲ့သည်။
အဆိုပါ မြို့မကျောင်းကြီး(၈၁)ကြိမ်မြောက်စုပေါင်း မဟာဘုံကထိန်သင်္ကန်းဆက်ကပ် လှူဒါန်းပွဲသို့ မာန်အောင်မြို့နယ်အတွင်းရှိ (သုဓမ္မာ)ဂိုဏ်းဆိုင်ရာသံဃာတော် အရှင်သူမြတ်( ၇၆)ပါးကြွရောက်အလှူခံခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment