MNP - နိုဝင်ဘာ ၁၃
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၈ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် မာရသွန်ပြိုင်ပွဲ၊ အသက်(၂၅)နှစ်အောက် ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ကျား/မ မီတာ(၁၀၀)၊ မီတာ(၂၀၀) အပြေးပြိုင်ပွဲ၊ စကောရွက်ပြိုင်ပွဲ၊ အပ်ချည်ထိုးပြိုင်ပွဲများ ကျင်းပပြုလုပ်နိုင်ရေးအတွက် ဦးစီးကော်မတီ၊ ဆပ်ကော်မတီအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းများအား ဌာနဆိုင်ရာများအနေဖြင့် ပူးပေါင်းဆောင်ရွက်ကြရန်နှင့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနား ကျင်းပပြုလုပ်နိုင်ရေးနှင့် ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုများ ပေးအပ်ချီးမြှင့်ရေး ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝင်းလှိုင်က (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပ ပြုလုပ်မည့် အစီအစဉ်များနှင့် ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်နိုင်ရေး ဆွေးနွေးခဲ့သည်။
ယင်းနောက် အစည်းအဝေးတက်ရောက်လာသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားနှင့် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်နိုင်ရေးအတွက် အကြံပြု ဆွေးနွေးခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌက ဆွေးနွေးချက်များအပေါ် လိုအပ်သည် များအား ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
သတင်း - ဇာဇာ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment