ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၆/၂၀၂၂) တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၆/၂၀၂၂) တက်ရောက်



MNP - နိုဝင်ဘာ  ၁၅


ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၆/၂၀၂၂) ကို ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများတက် ရောက်ကြသည်။


အစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက ဌာနဆိုင်ရာများ လုပ်ငန်းညှိုနှိုင်းအစည်းအဝေးကို တစ်လတစ်ကြိမ် ပုံမှန်ပြုလုပ်ခြင်းအားဖြင့် ဌာနဆိုင်ရာများ၏ မြေပြင်လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ ကြုံတွေ့ရသည့် အခက်အခဲများ၊ ဘဏ္ဍာရန်ပုံငွေ အသီးသီးဖြင့် ဆောင်ရွက်လျက်ရှိသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ပြီးစီးမှုအခြေအနေများကို ပြည့်စုံစွာသိရှိရသည့်အပြင် အလှည့်ကျဌာနများ၏ ရှင်းလင်းတင်ပြချက်များကိုလည်း သိရှိရသည့်အတွက် ပြည်နယ်အတွက် အကျိုးရှိသည့် အစည်းအဝေးဖြစ်ပါကြောင်း၊ ဌာနဆိုင်ရာများ၏ အခက်အခဲကို အစိုးရအဖွဲ့တာဝန်ရှိသူများက သိရှိဖြေရှင်းပေးနိုင်ပြီး အစိုးရအဖွဲ့၏ မူဝါဒလမ်းညွှန်ချက်များကို ဌာနတာဝန်ရှိသူများ သိရှိလိုက်နာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ လာမည့် ဒီဇင်ဘာလ ၁၅ ရက်နေ့သည် (၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ ဖြစ်ပါကြောင်း၊ ပြည်နယ်၏ အထင်ကရ နေ့ထူးနေ့မြတ် အခမ်းအနားတွင် ပြည်နယ်အတွင်းမှီတင်းနေထိုင်ကြသော တိုင်းရင်းသားညီအကို မောင်နှမ အားလုံး ပါဝင်ဆင်နွှဲနိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ ပွင့်လင်းရာသီရောက်ရှိလာပြီ ဖြစ်သည့် အတွက် မြို့နယ်အသီးသီး၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအသီးသီးနှင့် ရုံးဌာနများပါ မီးဘေးလုံခြုံရေး ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရန်လိုကြောင်းနှင့် ဌာနဆိုင်ရာများအနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးစွာဖြင့် အပြန်အလှန်ရိုင်းပင်းကူညီပြီး ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသ၍ ပူးပေါင်းဆောင်ရွက်ပေးကြရန် အဖွင့်အမှာစကား ပြောကြားသည်။


ဆက်လက်၍ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ထင်လတ်ဦးက ဒေသတည်ငြိမ်အေးချမ်းရေး၊ ဒေသလုံခြုံရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်ဥပဒေချုပ်တို့က ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးအတွက် ကဏ္ဍများအလိုက်  ဆွေးနွေးပြောကြားကြသည်။ ထို့နောက် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးက (၅/၂၀၂၂) အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ပြန်လည်သုံးသပ် ဆွေးနွေးပြောကြားကာ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ ညွှန်ကြားချက်များ အားရှင်းလင်း တင်ပြသည်။


ထို့နောက် ပြည်နယ်အဆင့်ဌာနဆိုင်ရာများဖြစ်ကြသည့် ပြည်နယ်မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ပြည်နယ် သမဝါယမဦးစီးဌာနနှင့် ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့မှ ပြည်နယ်ဦးစီးမှူးများက မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ Power Point ဖြင့်ရှင်းလင်း တင်ပြကြသည်။ တင်ပြချက်များ အပေါ် ပြည်နယ်ဝန်ကြီးများက ဖြည့်စွက်အကြံပြုဆွေးနွေးပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။


သတင်း - တင်ထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)