MNP - နိုဝင်ဘာ ၆
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှုကျင်းပသည့် (၄၃)ကြိမ်မြောက်၊ ခရိုင်၊ မြို့နယ် ဌာနပေါင်းစုံ ဝန်ထမ်းများနှင့် စေတနာရှင်အလှုရှင်များ၏ စုပေါင်းမဟာဘုံကထိန်ပွဲတော် လှည့်လည်ပွဲကို ယမန်နေ့ညနေ ၃ နာရီက ဒွါရာဝတီခန်းမမှ စတင်၍ သံတွဲမြို့အတွင်း စီတန်း လှည့်လည်ခဲ့ကြသည်။
ထိုသို့စီတန်းလှည့်လည်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့်အဖွဲဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ မဟာဘုံကထိန်ပွဲတော် ကျင်းပရေး ကော်မတီ ဝင်များမှ ဦးဆောင်၍ ကထိန်(ဒုကုဋ်)ညှပ်မကြီးသင်္ကန်း၊ ရခိုင်မင်္ဂလာစည်တော်အဖွဲ့၊ သင်္ကန်းနှင့် လှူဘွယ်ဝတ္ထုကိုင် လှပျိုဖြူများနှင့် ပဒေသာပင်(၃၃)ပင်တို့ အားစီတန်းကာ အိုးစည်၊ ဒိုးပတ်ဝိုင်း များ တေးနုယဉ် တေးသံသာအဖွဲ့များဖြင့် မြို့အတွင်းသို့ စည်ကားသိုက်မြိုက်စွာ လှည့်လည်ခဲ့ ကြသည်။
ညပိုင်းတွင် ဒွါရာဝတီခန်းမအတွင်း ပဒေသာပင်များကို ရောင်စုံမီးများထွန်းညှိ၍ ပြည်သူများ သဒ္ဒါတရားပွါးများနိုင်စေရန် ည(၁၀)နာရီအထိ ပြသမည်ဖြစ်ပြီး တေးဂီတဖျော်ဖြေမှုများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။ ဆက်လက်၍ ယနေ့ နံနက်(၉)နာရီတွင် လှူဒန်းမှုအစုစုတို့အား ရေစက်သွန်းချအမျှပေးဝေ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment