ပွင့်ဖြူမြို့ မြို့မစည်ပင်သာယာဈေးကြီး၌ မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့ မြို့မစည်ပင်သာယာဈေးကြီး၌ မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး



MNP - နိုဝင်ဘာ  ၂၉


ပွင့်လင်းရာသီချိန် ရောက်ရှိလာပြီဖြစ်၍ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစည်ပင်သာယာဈေးကြီးအား မီးဘေးအန္တရာယ်ကင်းဝေးစေရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိရေး ယမန်နေ့ မွန်းလွဲ ၂ နာရီက  ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းအဖွဲ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


ထို့သို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထိုက်အောင်နှင့် ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်နှင့် ဈေးတာဝန်ခံဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲလင်းနောင်နှင့် မီးသတ် တပ်ဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်ဌာနမှ ဝန်ထမ်းများ ပူးပေါင်းအဖွဲ့က  မြို့မဈေးအတွင်းရှိ ဈေးခေါင်းရုံး၌ ဈေးသူဈေးသားများနှင့် ဈေးအနီးဝန်းကျင်ရှိ ဈေးဆိုင်လုပ်ငန်းရှင်များကို တွေ့ဆုံ၍  ပွင့်လင်းရာသီကာလ မြို့မစည်ပင်သာယာဈေးကြီးအား မီးဘေးအန္တရာယ်ကင်းဝေးစေရန်အတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စနစ်တကျ ပြင်ဆင်ဆောင်ရွက်ထားရှိရေးဆိုင်ရာ ကိစ္စရပ်များကို အသိပညာ ပေး ရှင်းလင်းဆွေးနွေး ဟောပြောခဲ့သည်။


ထို့နောက် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းအဖွဲ့က မြို့မစည်ပင် သာယာဈေးကြီးအတွင်း၊ အပြင်ရှိ ဈေးဆိုင်ခန်းများသို့ သွားရောက်၍ လျှပ်စစ်မီးကြိုးများ စနစ်တကျ သွယ်တန်းထားမှု ရှိ/ မရှိ၊ မီးဘေးလုံခြုံရေးအတွက် ကြိုတင်ကာကွယ်ရေးပစ္စည်းများ စနစ်တကျ ဆောင်ရွက်ထားမှု ရှိ/မရှိနှင့် အရေးပေါ် ရေရယူသုံးစွဲနိုင်ရန် ရေလှောင်ကန်များ၌ ရေဖြည့်တင်းထားမှုနှင့် ရေငုတ်များ ကောင်းမွန်ခြင်း ရှိ/မရှိ တို့ကို လိုက်လံကြည့်ရှုစစ်ဆေးကာ ဈေးသူဈေးသားများကို လျှပ်စစ်မီးသုံးစွဲရာတွင် မီးဘေးအန္တရာယ် ကင်းဝေးစေရေး စနစ်တကျသုံးစွဲကြရန်၊ ဈေးအတွင်း မီးလောင်စေနိုင်သော လောင်စာများ ထားသိုခြင်းများ မပြုလုပ်ကြရန် ဆွေးနွေးမှာကြားခဲ့သည်။  


ထို့နောက် တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့က မြို့မစည်ပင်သာယာဈေးကြီးအတွင်း လျှပ်စစ်မီး သွယ်တန်းထားရှိသော ဓာတ်အားလိုင်းကြိုးများ ကြံ့ခိုင်ကောင်းမွန်ရေးနှင့် မီးဘေးလုံခြုံရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်း စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ဈေးတာဝန်ခံနှင့် ဈေးကော်မတီအဖွဲ့ဝင်များအား မီးဘေးလုံခြုံရေးအတွက် စနစ်တကျ ကြီးကြပ်ဆောင်ရွက်သွားရန် ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။


သတင်း - လှိုင်ဝင်းလေး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)