MNP - နိုဝင်ဘာ ၈
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့တွင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပကြောင်းသိရသည်။
ရှေးဦးစွာ သဒ္ဓမ္မာဝံသာရုံကျောင်းတိုက် ဦးစီးပဓာနနာယက အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တနန္ဒဝံသ အမှူးပြုသော သံဃာတော် ၅ ပါးအား ဆွမ်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ အနုမောဒနာတရားနာယူခြင်းနှင့် လှူဒါန်းမှုများအတွက် ရေစက်ချကုသိုလ်ပြုခြင်းတို့ကို ခရိုင်အုပ်ချုပ်ရေးမှူးဦးဇော်ဇော်ဦး၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးလွှမ်းမိုးဟန်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူများ၊ ဝန်ထမ်းများကပြုလုပ်ကြသည်။ အခမ်းအနားကိုဆက်လက်ကျင်းပပြုလုပ်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၄)နှစ်မြောက်နှစ်ပတ်နေ့အထိမ်းအမှတ် ဦးစီးဌာန၏သမိုင်းမှတ်တမ်းဗီဒီယိုကိုကြည့်ရှုကြပြီး ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးက အမှာစကားပြောကြားသည်။ ၎င်းနောက် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ထူးချွန်ဝန်ထမ်းများ ဂုဏ်ပြုဆုများချီးမြှင့်ခြင်း၊ ဝန်ထမ်းများတူညီဝတ်စုံများနှင့် ထောက်ပံ့ငွေများပေးအပ်ခြင်းများကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးနှင့် တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
သတင်း - ချမ်းသာ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment