ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ဂန့်ဂေါ−ဟားခါး မဟာဓာတ်အားလိုင်း တာဝန်တိုင်ပြုပြင်ရာတွင် ပါဝင်ခဲ့သော ပုဂ္ဂိုလ်များအား ဂုဏ်ပြုပွဲအခမ်းအနားသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ဂန့်ဂေါ−ဟားခါး မဟာဓာတ်အားလိုင်း တာဝန်တိုင်ပြုပြင်ရာတွင် ပါဝင်ခဲ့သော ပုဂ္ဂိုလ်များအား ဂုဏ်ပြုပွဲအခမ်းအနားသို့ တက်ရောက်

 


MNP - နိုဝင်ဘာ   ၁၂


လေပြင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် အောက်တိုဘာလ ၂၄ ရက်နေ့တွင် ပြိုလဲပျက်စီးခဲ့သော ဂန့်ဂေါ−ဟားခါး မဟာဓာတ်အားလိုင်း တာဝါတိုင်ပြုပြင်ရာတွင် ပါဝင်ခဲ့သော ပုဂ္ဂိုလ်များအား ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန် တက်ရောက်ဂုဏ်ပြု အမှာစကားပြောကြားသည်။


ဂုဏ်ပြုပွဲအခမ်းအနားတွင် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ၆၆ ကေဗွီ ဂန့်ဂေါ ဓာတ်အားခွဲရုံမှ ချင်းပြည်နယ် ဟားခါးမြို့၊ ထန်လန်မြို့နှင့် ဖလမ်းမြို့နယ်များသို့ ဓာတ်အား ဖြန့်ဖြူးပေးလျက်ရှိပြီး အောက်တိုဘာလ ၂၄ ရက်နေ့တွင် လေပြင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ဟားခါးမြို့မှ ( ၇ ) မိုင်ခန့်အကွာရှိ တာဝါတိုင်အမှတ် ( ၁၂၁ ) ပြိုလဲပျက်စီးခဲ့သဖြင့် ဓာတ်အားပြတ်တောက်ခဲ့ကြောင်း၊ ၎င်းပြိုလဲ ပျက်စီးနေသော တာဝါတိုင်ကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနမှ စီမံကိန်းမန်နေဂျာနှင့် လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်း (၁၇) ဦး၊ ချင်းပြည်နယ်၊ ခရိုင်၊ မြို့နယ်လျှပ်စစ်ဓာတ် အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဝန်ထမ်းများ၊ ဟားခါးမြို့ပေါ်ရှိ သိက္ခာတော်ရဆရာတော်ကြီးများနှင့် ရပ်မိရပ်ဖများက နိုဝင်ဘာလ ၄ ရက်နေ့မှစတင်၍ ပြန်လည်ပြုပြင်ခဲ့ပြီး နိုဝင် ဘာလ ၉ ရက်နေ့တွင် လုပ်ငန်းပြီးစီးသဖြင့် နိုဝင်ဘာလ ၉ ရက် ည ၆ နာရီ ၁၈ မိနစ်တွင် ဓာတ်အား ပုံမှန်ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း၊ ယခုကဲ့သို့ခက်ခဲ့သည့်ဒေသ၊ ခက်ခဲသည့်အချိန်ကာလမှာ ဒေသအကျိုးပြုလုပ်ငန်းဖြစ်သည့် ဓာတ်အားပုံမှန်ပြန်လည်ဖြန့်ဖြူး နိုင်ရေးအတွက် စွမ်းစွမ်းတမံ ပူးပေါင်းပါဝင်ဆောင်ရွက်သူအားလုံးအပေါ် အထူးပင်ကျေးဇူတင်ရှိပါကြောင်းနှင့် ဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်းဖြင့် ဂုဏ်ပြုအမှာစကားပြောကြားသည်။


ဆက်လက်၍ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း၊ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးမျိုးဝင်းနှင့် ရပ်မိရပ်ဖ ဦးရမ်ကျုံးတို့က ဂုဏ်ပြုစကားပြောကြားကြပြီး လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းအောင်က တာဝါတိုင် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့မှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးထွန်းအောင်အား လည်းကောင်း ၊ သယံဇာတရေးရာဝန်ကြီးက ရပ်မိရပ်ဖ ဦးရမ်ကျုံးအား လည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်း - မောင်ထွန်းတောက်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)