ရခိုင်ပြည်နယ် မောင်တောမြို့၌ သမိုင်းဝင်မဟာကျန် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ သမိုင်းဝင်မဟာကျန် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပ



MNP - နိုဝင်ဘာ   ၇


ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ သမိုင်းဝင် မဟာကျန်ဗုဒ္ဓရုပ်ပွားတော်မြတ် ဗုဒ္ဓပူဇနိယပွဲတော်ကို ၁၃၈၄ ခုနှစ်၊ တန်ဆောင်းမုန်းလဆန်း (၁၄) ရက် မှစ၍ မြို့မပရိယတ္တိစာသင်တိုက်၊ လောကမာရဇိန် သိမ်တော်ကြီးတွင် ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။  


တန်ဆောင်မုန်းလပြည့် ယနေ့နံနက်ပိုင်းတွင် ရှေးဟောင်းသမိုင်းဝင် မဟာကျန် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ကိန်းဝပ်စံပယ်တော်မူရာ ဂန္ဒကုဋီကျောင်းတိုက်မှ လောကမာရဇိန်ပြည်လုံးချမ်းသာ ဓမ္မာရုံအတွင်းသို့ အမှတ်(၁၅) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်မှ ဗိုလ်မှူးချုပ် သူရိန်ထွန်း၊ အလှူဒါယကာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့် ဇနီး အလှူဒါယိကာမ ဒေါ်ခင်စန္ဒာဝင်း၊ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက  ပင့်ဆောင်ကြသည်။  ထို့နောက်  မြို့မ ကျောင်းတိုက်၊ မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တ ပုညာနန္ဒ အရှင်သူမြတ်ကြီးမှု၍ ဆရာ တော် သံဃာတော်များက ဘုရား ဗုဒ္ဓဘိသေက အနေကဇာတင် ပူဇော်ပြီး  အလှူရှင်များက  သမိုင်းဝင်မဟာ ကျန်ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဆွမ်း၊ ပန်း ၊ ဆီမီး ၊ အမွှေးနံ့သာများဖြင့်  ပူဇော်ဆက်ကပ်ခဲ့ကြသည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော ဆရာတော် သံဃာတော်များ၊ အမှတ် (၁၅) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်မှ ဗိုလ်မှူးချုပ် သူရိန်ထွန်း ၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့် ဇနီး ဒေါ်ခင်စန္ဒာဝင်း၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊  ဧည့်ပရိတ်သတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ကြသည်။ ဆက်လက်၍ မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်ထံမှ ငါးပါးသီလ ခံယူ ဆောက်တည်ကြပြီး ဆရာတော် သံဃာတော် အရှင်သူမြတ်များက မေတ္တာသုတ် အစရှိသော ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်တော်မူကြသည်။ ယင်းနောက် ဆရာတော် သံဃာတော် အရှင်သူမြတ်များအား အလှူရှင်များမှ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး အောင်မြေဗောဓိ သာသနာ့ရိပ်သာ (အလိုတော်ပြည့်) ကျောင်း ၊ မြို့နယ်သံဃနာယကအဖွဲ့ဝင်၊ ဆရာတော်ဘဒ္ဒန္တ မဏိသာရ (မဟာသဒ္ဓမ္မဇောတိကဓဇ) အရှင်သူမြတ်ထံမှ ဧည့်ပရိတ်သတ်များက အနုမောဒနာတရား နာယူကာ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဠတု သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ အခမ်းအနားကို ရုတ်သိမ်းကြပြီး ရတနာ ရွှေမိုး ၊ငွေမိုး များ ရွာသွန်းဖြိုးခဲ့သည်။


မောင်တောမြို့၊ မြို့မပရိယတ္တိစာသင်တိုက်၌ ကိန်းဝပ်စံပ္ပါယ်တော်မူသည့် BC-568 တတိယ ဓညဝတီ ခေတ် ဘုရင်စန္ဒာသူရိယ သွန်းလုပ်ပူဇော်တော်မူခဲ့သော  သမိုင်းဝင်မဟာကျန် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အား ဗုဒ္ဓ ပူ ဇနိ ယ ပွဲတော်ကို  ၁၃၈၄ ခုနှစ် ၊ တန်ဆောင်းမုန်းလဆန်း(၁၄)ရက် နေ့မှစ၍  တန်ဆောင်မုန်းလပြည့်ကျော် (၁) ရက်နေ့အထိ  နေ့စဉ်နံနက်(၆)နာရီ အချိန်မှစ၍ ကျင်းပ ပြုလုပ်လျက်ရှိရာ အလှူရှင်များက သံဃာတော် အရှင်သူမြတ်များအား ဆွမ်းဆက်ကပ်ခြင်း၊ သမိုင်းဝင် မဟာ ကျန်ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဆွမ်း၊ ပန်း ၊ ဆီမီး ၊ အမွှေးနံ့သာများဖြင့်  ပူဇော်ခြင်း ၊ သံဃာ တော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်ခြင်း၊ ဝတ်ရွတ်အဖွဲ့များက ဝတ်ရွတ်ပူဇော်ခြင်းများ ဆောင်ရွက်လျက်ရှိပြီး သမိုင်းဝင် မဟာကျန် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူလူထုများနှင့်  စည်းကားလျက်ရှိကြောင်း သိရသည်။  


သတင်း - သက်လွင်စိုး၊အောင်ကျော်စိန်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)