မော်လမြိုင်မြို့တွင် ထက်၊လယ်၊မူ အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်လမြိုင်မြို့တွင် ထက်၊လယ်၊မူ အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ




MNP - နိုဝင်ဘာ   ၁၅


မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ၏ စီမံခန့်ခွဲမှုစွမ်းဆောင်ရည် မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီ က မော်လမြိုင်မြို့ အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်း ရတနာမွန်ခန်းမတွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အလုပ်ရုံဆွေးနွေးပွဲတွင်  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ယု က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်နယ်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး (ပညာ)ဦးဝင်းနိုင်ဆွေက စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရသည့်ရည်ရွယ်ချက်များနှင့် ပတ်သက်၍ ကျောင်းတွင်း စီမံခန့်ခွဲမှု အရည်အသွေးတိုးတက်မြင့်မားရေး၊ ပညာရည်မြင့်မားရေးနှင့် စာသင် ကျောင်းများ ဖွံ့ဖြိုးတိုးတက်ရေးတို့သည် ကျောင်းအုပ်ကြီးများ၏ စီမံခန့်ခွဲမှုက အဓိကကျကြောင်း၊ ကျောင်းအုပ်ကြီးများ၏ အရည်အသွေးမြှင့်တင်ခြင်းဖြင့် အခြေခံပညာကျောင်းများရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများကို စနစ်တကျစီမံခန့်ခွဲနိုင်မည်ဖြစ်ကြောင်း၊ သို့မှသာ အနာဂတ်အတွက် အရည်အချင်းနှင့် အရည်အသွေးရှိပြီး တွေးခေါ်မြော်မြင်နိုင်စွမ်းရှိသည့် လူသား အရင်းအမြစ်များကို မွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်းနှင့် သင်ကြားသင်ယူမှု တိုးတက်ကောင်းမွန် လာစေရန် အခြေခံပညာဦးစီးဌာန၏ စီမံဘဏ္ဍာ၊ ပညာစစ်ဆေးခြင်းလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။


ထို့နောက် ကျောင်းအုပ်ကြီးနှင့် ဝန်ထမ်းများအရည်အသွေး မြင့်မားရေး ဘာသာရပ်များဖြစ်သည့် စီမံရေးရာ၊ ဘဏ္ဍာရေးနှင့် ငွေစာရင်း၊ စီမံကိန်းများကြီးကြပ် အကဲဖြတ်ခြင်းလုပ်ငန်း၊ စာရင်းအင်းနှင့် ကွန်ပျူတာ၊ ပညာရေးကဏ္ဍပြုပြင် ပြောင်းလဲမှုများ စသည့်ဘာသာရပ်များကို နိုဝင်ဘာ ၁၅ ရက်မှ ၁၆ရက်နေ့ထိ ဆွေးနွေးပို့ချသွားမည်ဖြစ်ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် တာဝန်ခံကျောင်းအုပ် (၁၄၅) ဉီးတက်ရောက်ခဲ့ကြောင်း မြို့နယ် ပညာရေးမှူးရုံး ဦးဝင်းဇော်ဦးထံမှ သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)