ဇမ္ဗူသီရိမြို့နယ်၌ ငလျင်အသိပညာပေး ဟောပြောပွဲနှင့် ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်း ပြုလုပ်ရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဇမ္ဗူသီရိမြို့နယ်၌ ငလျင်အသိပညာပေး ဟောပြောပွဲနှင့် ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်း ပြုလုပ်ရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးကြည့်ရှုအားပေး





MNP ၊ နိုဝင်ဘာ ၂၉

မြန်မာနိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသော သဘာဝဘေးအန္တရာယ်များအနက်မှ ငလျင် ဘေးအန္တရာယ်သည် ကြိုတင်ခန့်မှန်း၍ မရသည့်အပြင် ထိခိုက်ပျက်စီးဆုံးရှုံးမှု များပြားသည့် ဘေးအန္တရာယ်တစ်ခုဖြစ်ပြီး ငလျင်ဘေးဖြစ်ပွားလာပါက မည်သို့တုံ့ပြန် ဆောင်ရွက်ရမည်ကို သိရှိလိုက်နာ ဆောင်ရွက်ခြင်းဖြင့် ထိခိုက်ဆုံးရှုံးမှုလျော့နည်း စေရန်အတွက် ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တိုင်းဦးစီးမှူးရုံးမှ ငလျင် အသိပညာပေးဟောပြောပွဲနှင့် ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူ ဇာတ်တိုက် လေ့ကျင့်ခန်းကို ယနေ့နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ်၊ အမှတ် (၁၄) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ငလျင်အသိပညာပေးဟောပြောပွဲကိုကျင်းပရာ အမှတ် (၁၄) အခြေခံပညာ အထက် တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက  အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူး ဦးကျော်ကျော်ထွန်းက ငလျင်ဇာတ်တိုက် လေ့ကျင့်ခန်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်၊ ဇာတ်တိုက်လေ့ကျင့်ခန်း ဆောင်ရွက်ပုံအဆင့်ဆင့်တို့အား လည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇော်ဦးက ငလျင်ဘေး အန္တရာယ်နှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အချက်များအား လည်းကောင်း အသီးသီး ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ငလျင်ဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ရာ နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး တက်ရောက်ကြည့်ရှု၍ ဂုဏ်ပြုအားပေးစကား ပြောကြားခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တိုင်းဦးစီးမှူး ဦးကျော်ကျော်ထွန်းက ငလျင်ဇာတ်တိုက်လေ့ကျင့်ခန်း ပြုလုပ်ရခြင်းနှင့် စပ်လျဉ်း၍ စာသင်ကျောင်းများတွင် ပညာလေ့လာဆည်းပူးနေသော ကျောင်းသား/ ကျောင်းသူ များအနေဖြင့် ငလျင်ဘေးအန္တရာယ် ကျရောက်ချိန်တွင် မည်သို့တုံ့ပြန်ဆောင်ရွက်ရမည်ကို သိရှိ ထားရန်လိုအပ်သကဲ့သို့ ထိခိုက်ဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင် တုံ့ပြန်ဆောင်ရွက်နိုင်ရေး အတွက် ဇာတ်တိုက်လေ့ကျင့်ခန်းများ ဆောင်ရွက်ပေးရခြင်းဖြစ်ပါကြောင်း၊ ထို့ပြင် နေပြည်တော် ကောင်စီ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုနှင့် အညီ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်း ဦးစီးရုံးအနေဖြင့် သက်ဆိုင်ရာ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဝင်များ ဖြစ်ကြသော စီမံအုပ်ချုပ်ရေးအဖွဲ့၊ မီးသတ်ဦးစီးဌာန၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ လူမှုရေးပရဟိတအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ငလျင်ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှု လျော့နည်းစေရန်နှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများကို ထိရောက်လျင်မြန်စွာ ပူးပေါင်းဆောင်ရွက် နိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။


ထို့နောက် ငလျင်‌ဇာတ်တိုက်လေ့ကျင့်ခန်းကိုပြုလုပ်ရာ ဌာနဆိုင်ရာ အဖွဲ့အစည်း အသီးသီးမှ တာဝန်ရှိသူများ၊ မီးသတ်ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ကြက်ခြေနီကြီးကြပ်မှု ကော်မတီ၊ ပရဟိတအဖွဲ့များ၊ အမှတ် (၁၄) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၃၅၀) ဦးတက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြသည်။


ဆက်လက်၍ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများသည် ငလျင်ဘေး အန္တရာယ်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်း ပြုလုပ်ရာတွင် ပူးပေါင်းပါဝင် ကူညီဆောင်ရွက် ပေးကြသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။


ဟိန်းသူအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)