ပြည်ဖျက်မိစ္ဆာတွေ ဒီတစ်သက် ပြန်မလာကြပါနဲ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ဖျက်မိစ္ဆာတွေ ဒီတစ်သက် ပြန်မလာကြပါနဲ့



မြန်မာနိုင်ငံမှာက မဆုံးနိုင်တဲ့ နိုင်ငံရေးသင်ခန်းစာတွေ အများကြီး ရှိခဲ့တယ်။ နိုင်ငံရေးစနစ်ကလည်း တည်ငြိမ်မှုမရှိသလို အုပ်ချုပ်ရေးမှာလည်း အရိုးစွဲနေတဲ့ အဂတိလိုက်စားမှုတွေကြောင့် မြန်မာပြည်မှာ ရှင်သန်ရတာ လူဖြစ်ရကျိုးမနပ်ဘူးလို့ ညည်းတွားမှုတွေတောင် ရှိလာကြတယ်။ မိုးခါးရေးမသောက်တဲ့ သူတွေ ရှိသလို မိုးခါးရည်ကို မြိန်ရည်ယှက်ရည် သောက်သုံးနေသူတွေကြောင့် ပြည်သူတွေရဲ့ နေ့စဉ်လူမှုစီးပွားဘဝမှာ အတိဒုက္ခများလှပါတယ်။


ပြည်သူတွေအနေနဲ့က အစိုးရတစ်ရပ်ထွက်ပေါ်လာလေတိုင်း ပြည်သူတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲ ပြဿနာတွေကို ဘယ်လိုရှင်းပေးလေမလဲ မျှော်လင့်ကြတာပါပဲ။ နောက်ဆုံးတော့ အစိုးရဆိုတာ အစပဲ ရိုးတာ ဆိုတဲ့ ဆောင်ပုဒ်ကို နှလုံးသွင်းပြီး ဖြေသိမ့်လိုက်ကြရတာပါပဲ။ တကယ်တော့ အစိုးရဆိုတာ အပြောင်းအလဲ ရှိပါတယ်။ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအအတိုင်း ဆက်သွားမယ်ဆိုရင်ပဲ ငါးနှစ်တစ်ခါ အစိုးရအပြောင်းအလဲ ဖြစ်နေမှာပဲ ဖြစ်ပါတယ်။


၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုပြီး ၂၀၁၀ ရွေးကောက်ပွဲကနေ တက်လာတဲ့ ဦးသိန်းစိန်အစိုးရ ပြည်သူတွေဆီက ဘာအသံထွက်နေသလဲ အမြဲတမ်းနားစွင့်ပြီး ဖြေရှင်းပေးခဲ့တယ်။ အဲဒီလို အစိုးရမျိုးကိုလည်း သက်ဆိုးရှည်အောင် အားပေး ထောက်ခံရကောင်းမှန်း မသိဘူး။ ပြည်သူတွေရဲ့ နေ့စဉ်လူမှုဘဝ ပြဿနာတွေနဲ့ အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တိုက်ရိုက်သက်ဆိုင်ခြင်း မရှိပါဘူး။ ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ တိုက်ရိုက်သက်ဆိုင်ပါတယ်။ အမှုအခင်း တစ်ခုဖြစ်ပြီဆိုတာနဲ့ အနီးစပ်ဆုံး ရဲစခန်းကို ရောက်ပါမယ်။ အဲဒီ ရဲစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ အရာရှိ၊ အရာခံများက ဥပဒေစိုးမိုးရေးကို အလေးထားသလား။ အဂတိလိုက်စားပြီး မမှန်မကန်လုပ်သလား ဆိုတာကို စိစစ်ရပါမယ်။ ပေါ်ပေါက်လာတဲ့ အရေးကိစ္စကို ဥပဒေနဲ့အညီ မဖြေရှင်းဘဲ မလျော်သြဇာသုံးပြီး အာဏာအလွဲသုံးစား လုပ်ပြီဆိုရင်တော့ ပြဿနာတက်မှာ အသေအချာပါပဲ။


 အဲဒီလို ဒေသဆိုင်ရာ အာဏာပိုင်တွေဟာ ပေါ်ပေါက်လာတဲ့ အရေးကိစ္စတွေကို ဥပဒေနဲ့အညီ မဖြေရှင်းဘဲ အဂတိလိုက်စားပြီး ဘက်လိုက်မှုတွေ ဘာကြောင့် လုပ်ဝံ့တာလဲဆိုတာကို ဆက်ပြီး အဖြေထုတ်မယ်ဆိုရင်တော့ သူတို့ရဲ့ ဥပဒေမဲ့ လုပ်ရပ်ကို ကာကွယ်ပေးမယ့် အထက်အရာရှိတွေ ရှိနေလို့ပဲ ဖြစ်ပါတယ်။ အထက်အရာရှိတွေက ဘာကြောင့် ဥပဒေမဲ့ လုပ်ရပ်တွေကို အကာအကွယ်ပေးသလဲဆိုတာကို ဆက်ပြီး အဖြေထုတ်ကြည့်ရင်တော့ သူတို့လည်း အဂတိလိုက်စားကြလို့ပဲ ဖြစ်ပါတယ်။


အဲဒီလို ဆင့်ကဲဖြစ်စဉ်တွေကြောင့် အောက်ခြေမှာ အဆင်မပြေလို့ အထက်တိုင်လည်း ဘာမှမထူး၊ အမြင့်ဆုံးတက်လည်း ဘာမှမထူး နောက်ဆုံးတော့ အစိုးရဆိုတာ အစပဲ ရိုးတာ ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ဖြစ်သွားတော့တာပါပဲ။

ဒီမိုကရေစီစနစ်အရ ရွေးကောက်ပွဲကနေ တက်လာတဲ့ အစိုးရတွေဟာ ပြည်သူတွေရဲ့ နေ့စဉ်လူမှုစီးပွားဘဝ အခြေအနေကို တွက်စပြီး ပိုပြီးကောင်းမွန်အောင် မူဝါဒတွေ ပြောင်းလဲကျင့်သုံးတာလောက်ပဲ လုပ်နိုင်စွမ်းရှိပါတယ်။ တိုင်းပြည်မှာ လည်ပတ်နေတဲ့ ထွေအုပ်၊ မြေစာရင်း၊ ရဲဌာန၊ တရားရေးဌာန ဒါတွေက အပြောင်းအလဲ မရှိပါဘူး။


၂၁ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာ ဦးသိန်းစိန်အစိုးရလက်ထက်က စလို့ ဖြေရှင်းဆောင်ရွက်ပေးခဲ့ရာမှာ မပြီးပြတ်သေးတဲ့ မြေယာသိမ်းဆည်းခံရမှု ပြဿနာတွေ နစကအစိုးရလက်ထက်မှာ ပြီးပြတ်အောင် ဖြေရှင်းပေးမှာလား။ နောက်အစိုးရလက်ထက်ထိ ထားအုံးမှာလား ဆိုတာကို ထည့်မေးခဲ့ပါတယ်။


 ဥပမာအနေနဲ့ ပြောရရင် ရှမ်းပြည်နယ်၊ နောင်တရားမြို့မှာ မြို့မြေချဲ့ထွင်ရာမှာ သိမ်းဆည်းခဲ့တဲ့ မြေတွေကို စီမံကိန်း မဖော်ဆောင်ဘဲ ရောင်းစားပစ်တယ်။ ဘယ်သူတွေ ရောင်းစားတာလဲ ထည့်မရေးတော့ပါဘူး။ နိုင်ငံတော်အကြီးများထံ တင်ပြတိုင်ကြားတယ်။ နိုင်ငံတော်အကြီးများက စိစစ်ခိုင်းတယ်။ မြို့နယ်က စိစစ်တယ်။ ပြီးတော့ ထွက်ဆိုချက်ပေးထားတာကို လိုသလို ပြုပြင်ပြီး လက်မှတ်ထိုးခိုင်းတယ်။ ကောင်းကြသေးသလားဗျာ။


မင်္ဂလာဒုံမြို့နယ်ထဲမှာ တပ်က ပြန်လည်စွန့်လွှတ်ပေးထားတဲ့ လယ်ယာမြေတွေ ရှိတယ်။ တပ်က ပြန်လည်စွန့်လွှတ်ပေးပေမယ့် မူလတောင်သူလက်ထဲ ပြန်ရောက်မလာဘူး။ NLD အစိုးရလက်ထက်မှာ လွှတ်တော်ကိုယ်စားလှယ်ရဲ့ တပည့်က ဧကရာဇ်တပ် လို့ ဆိုင်းဘုတ်တပ်ပြီး လုပ်နေတယ်။ တပ်မတော်မှာ ဧကရာဇ်တပ်ဆိုတာ ရှိလို့လားဗျာ။ ဒီထက် ဆိုးသေးတယ်။ မူလ စာသင်ကျောင်းမြေကို ရောင်းစားပြီး တခြားရပ်ကွက်ထဲက မြေလွတ်မှာ ကျောင်းသွားဆောက်တယ်။ 

ရပ်ကွက် ၂ခုက မြောင်းခြားထားတာကို တဆက်တည်းဖြစ်အောင် ဖန်တီးတယ်။ အဲဒီလို အလုပ်တွေကို ဘယ်သူတွေ လုပ်ဝံ့သလဲ။ စဉ်းစားကြည့်ကြတော့။ သိမ်းဆည်းခံရသူများက မြေပြန်လည်ရရှိဖို့ NLD လူလည်ကြီးများကို အကူအညီတောင်းလိုက်တာ NLD က လူလည်ကြီးများက စာရွက်စာတမ်းတွေပါ ဖျောက်ပစ်လိုက်ကြတယ်။


ဒါတွေက ယန္တရားမှာ ဖြစ်နေတဲ့ ကိစ္စတွေကို သာဓက ပြခြင်းဖြစ်ပါတယ်။ ဒီလိုကိစ္စတွေကို နိုင်ငံတော်အကြီးအကဲတွေက ဘယ်လို သိနိုင်မလဲ။ စာရွက်ပေါ်က အလုပ် လုပ်ရတဲ့အခါ အောက်ခြေမှာ အလွဲလွဲအချော်ချော်ဖြစ်အောင် လုပ်နေသူတွေရဲ့ တင်ပြချက်တွေကို သုံးသပ်ရတယ်။ ဘယ်လို အမှန်တရားထွက်မှာလဲ။ အဲဒီလို ပြဿနာတွေကြောင့် ပြည်သူတွေဟာ အစိုးရအပေါ် အထင်လွဲ အမြင်မှားဖြစ်တယ်။ နိုင်ငံရေးလှုံ့ဆော်သူတွေကလည်း ဒါတွေကို ခုတုံးလုပ်ပြီး အစိုးရကို ပြည်သူများက ရွံမုန်းလာအောင် လုပ်ကြံဖန်တီး လှုံ့ဆော်ကြတယ်။


ဦးသိန်းစိန် အစိုးရ သက်ဆိုးမရှည်ရခြင်း ပြဿနာက အဲဒါပါပဲ။ ယန္တရားမှာ ပြည်သူအပေါ် ဂုပ်သွေးစုပ်နေတာတွေဟာ ဦးသိန်းစိန်အစိုးရကို သိက္ခာကျစေတာပဲ ဖြစ်ပါတယ်။ ဦးသိန်းစိန် အစိုးရ ဆင်းသွားပြီး NLD တက်လာတော့ရော ဒီယန္တရားကို ထိန်းချုပ်နိုင်လား၊ ပြုပြင်ပြောင်းလဲနိုင်လား။ မထိန်းချုပ်နိုင်ပါဘူး။ ပြုပြင်ပြောင်းလဲရေး မလုပ်နိုင်တဲ့အပြင် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ရဲစခန်းတွေမှာ ပင်နီဝတ် လွှတ်တော်အမတ်လာရင် သူတို့ အလိုဆန္ဒအတိုင်း လုပ်ပေးရတဲ့ ပြဿနာတိုးလာပါတယ်။ NLD အစိုးရလက်ထက်က ပြင်ဦးလွန်မှာ တောင်သူတွေ ဖမ်းဆီးထောင်ချခံခဲ့ရတာ အဲဒီပြဿနာပါပဲ။


မြို့နယ်၊ ခရိုင်အဆင့်မှာ ဒီလိုဖြစ်နေတာတွေကို တစ်ဦးချင်း တစ်ယောက်ချင်း ဥပဒေမဲ့ လုပ်ခြင်းခံရတဲ့ ပြည်သူတွေက မဖွင့်ဟရဲဘူး၊ မပြောဆိုရဲဘူးဆိုရင်ဖြင့် ဒီယန္တရား တည့်မတ်လာဖို့က မလွယ်ပါဘူး။ လယ်ယာမြေသိမ်းဆည်းခံ တောင်သူတွေ ကိစ္စမှာ ဆိုရင်လည်း သူတို့ နစ်နာခဲ့တာတော့ မှန်တယ်။ သူတို့ရဲ့ နစ်နာဆုံးရှုံးမှုအတွက် သူတို့ကိုယ်တိုင် ပြတ်ပြတ်သားသား ရပ်တည် ပြောဆိုနိုင်ခြင်း မရှိဘူး။ မပြောဆိုရဲကြဘူး။ အားကိုးရှာတဲ့အခါ အားကိုးထိုက်သူနဲ့ မတွေ့ဘဲ လုပ်စားနိုင်ငံရေးသမားတွေနဲ့ တွေ့ပြီး မိအေး နှစ်ခါနာဖြစ်ရတယ်။ ဒါတွေကို ဥပဒေမဲ့ အနိုင်ကျင့် စော်ကားခြင်းခံရတဲ့ ပြည်သူတစ်ဦးချင်းကသာ အမှန်တရားကို ဖော်ထုတ်ပြီး ပြတ်ပြတ်သားသား ရပ်တည်ပြောဆိုဝံ့တဲ့ အခြေအနေမျိုးကို ရောက်လာမှသာလျှင် အာဏာရယူပြီး ကိုယ်ကျိုးရှာနေတဲ့ ပြဿနာတွေကို အထိုက်အလျှောက် ထိန်းကျောင်းနိုင်ပါလိမ့်မယ်။


နောက်တစ်ပိုင်းကတော့ ပြည်ဖျက် နိုင်ငံရေးသမားတွေရဲ့ ပြည်ဖျက်လုပ်ငန်းစဉ်တွေပဲ ဖြစ်ပါတယ်။ "တိုင်းပြည်က မတိုးတက်ဘူး။ ဓမ္မနောက်ပိတ်ခွေးဖြစ်နေတယ်။ တပ်မတော်ကြောင့်ဖြစ်နေတာ" စသဖြင့် စသဖြင့် ပြောရတာ လွယ်လိုက်တာ။ တကယ်တော့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် လုပ်နေတဲ့ အချိန်မှာ တိုင်းပြည်ကို ပိတ်စို့အရေးယူဖို့ လှုံ့ဆော်ခဲ့တာ ဘယ်သူလဲ။ ပြည်သူအများ ယုံကြည်လေးစား ထောက်ခံပါတယ်ဆိုတဲ့ ဒေါ်စုက စခဲ့တဲ့ဇာတ်လမ်းပဲ မဟုတ်လား။ ပြည်သူအများစုက ဒေါ်စု ကို ဗိုလ်ချုပ်သမီးဆိုတဲ့ အမြင်နဲ့ ဇွတ်ထောက်ခံတာ။ ချစ်တော့ မပြစ်မမြင်ဘူး။ သူမရဲ့ မှားယွင်းတဲ့ လှုံ့ဆော်မှုကြောင့် မိမိတို့ လူမှုစီးပွားဘဝတွေ ဘယ်လောက်အထိ နစ်နာရသလဲ အဖြေမရှာကြဘူး။ ပြည်သူတစ်ရပ်လုံးအပေါ်မှာ ရာဇဝတ်မှုကြီး ကျူးလွန်ခဲ့တာကိုတောင် ရာဇဝတ်သားမှန်း မသိကြတော့ပါဘူး။ 


ဒီလုပ်ရပ်ဟာ မှားယွင်းတဲ့ လုပ်ရပ်လို့ မြင်တဲ့ နိုင်ငံရေးသမားတွေရဲ့ ထောက်ပြပြောဆိုမှုတွေကိုလည်း နားမဝင်ကြတော့ပါဘူး။ ထမိန်နားခိုစားတဲ့ နိုင်ငံရေးသမားတွေကတော့ ဒေါ်စု ဘယ်လောက်မှားမှား ဒေါ်စုအမှား မဟုတ်ဘဲ တပ်မတော်ရဲ့အမှားဖြစ်အောင် လုပ်ကြံဖန်တီးပြောဆိုတတ်ကြပါတယ်။


ယုံကြည်အားကိုးလွန်းလို့ ရွေးကောက်တင်မြှောက်ခဲ့ကြတယ်။ ၅နှစ်တာကာလအတွင်းမှာ ကိုယ့်ဘာသာ သာသနာကို စော်ကားတယ်။ စော်ကားတဲ့ အုပ်စုတွေကို အားပေးအားမြှောက်လုပ်ခဲ့တယ်။ နိုင်ငံတကာက ရသမျှအကြွေးတွေယူပြီး စီမံခန်ခွဲမှု အလွဲတွေ လုပ်ခဲ့တယ်။ ဒါတွေကိုလည်း စုံလုံးကန်းနေသူတွေ မမြင်ကြဘူး။ အစိုးရတစ်ရပ်ကို ပြည်သူက တင်မြှောက်ခဲ့သလို ပြည်သူက ထိန်းကျောင်းရမယ်ဆိုတာကိုလည်း နားမလည်ကြပါဘူး။ NLD အစိုးရရဲ့ စီမံခန့်ခွဲမှု အမှားတွေကို ထောက်ပြပြောဆိုခဲ့တဲ့ နိုင်ငံရေးသမားဆိုတာ လက်ချိုးရေတွက်လို့ ရပါတယ်။ 


ထမိန်ခြုံ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် ပြည်ပသြဇာခံတွေရဲ့ နိုင်ငံရေးမှိုင်းမိနေတဲ့အခါကြတော့ တိုင်းဖျက် ပြည်ဖျက် လုပ်ရပ်တွေမှာ ပူးပေါင်းပါဝင်ကြတယ်။ ကိုယ့်ကိုယ်ကို အကြမ်းဖက်သမားဆိုတဲ့ ဘွဲ့ထူးဂုဏ်ထူးကို ရယူပြီး တွေ့ရာ မြင်ရာ သတ်ဖြတ်ရဲတဲ့အထိ ဆင်ကန်းတောတိုး မိုက်မဲခဲ့ကြတယ်။  ဒီလောက်တောင် တိုင်းဖျက် ပြည်ဖျက် ပြည်ပသြဇာခံ နိုင်ငံရေးနွားတွေ ပေါများတဲ့ တိုင်းပြည် ဓမ္မနောက်ပိတ်ခွေး ဖြစ်တာ ဆန်းသလား။ ယနေ့အချိန်မှာလည်း တိုင်းပြည်နလန်မထူနိုင်အောင် လူမှုရေး၊ စီးပွားရေး အဘက်ဘက်က အခက်တွေ့အောင် လုပ်နေတာ ပြည်ပသြဇာခံ ပြည်ဖျက် အုပ်စုပဲ မဟုတ်ပါလား။ 


သမိုင်းတရားခံ ရှာကြစို့။ တပ်မတော် ခေါင်းဆောင်များဟာ မလိုလားအပ်တဲ့ ကိစ္စတွေမှာ လွန်စွာ စိတ်ရှည်သည်းခံလွန်းတယ်။ ခွင့်လွှတ်နိုင်စရာ မရှိတဲ့ကိစ္စတွေကို ခွင့်လွှတ်သည်းခံပေးခဲ့တယ်။ ဦးသန်းရွှေအစိုးရလက်ထက်ကတည်းက ဒေါ်စုကို ပြည်နှင်ဒဏ်ပေးလို့ရတဲ့ လုပ်ပိုင်ခွင့် ရှိပါတယ်။ မလုပ်ခဲ့ပါဘူး။ ဗိုလ်ချုပ်ရဲ့ မျက်နှာကို ထောက်ထားပြီး သည်းခံ ခွင့်လွှတ်ခဲ့တာပါပဲ။ ဦးသိန်းစိန် အစိုးရလက်ထက် တိုင်းဖျက် ပြည်ဖျက် လုပ်ပြီး ပြည်ပြေးဖြစ်နေတဲ့သူတွေကို အမျိုးသားစည်းလုံးညီညွတ်ရေးဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ပြန်ခေါ်ခဲ့တယ်။ အဲဒီလို ပြန်ခေါ်ခဲ့တဲ့ သူတွေထဲမှာ ဒေါက်တာ ဆလိုင်းငွန်ကျုံးလျှန်၊ ဦးဘိုဘိုကျော်ငြိမ်း၊ ဦးမိုးဟိန်း တို့လို လူနည်းစုလောက်ပဲ တိုင်းပြည်တည်ဆောက်ရေးအတွက် လက်တွဲလို့ ရတာ ရှိတယ်။ ဦးသိန်းစိန်အစိုးရက သဘောထားကြီးစွာနဲ့ ပြည်တွင်းမှာ အခြေချခွင့်ပြုခဲ့တဲ့ DVB, Mizzima, The Irrawaddy လို သတင်းဌာနတွေ အချိန်တန်လာတော့ သူတို့ရဲ့ ဇာတိသရုပ်မှန်ကို ပြလာတာပါပဲ။ သူတို့ရဲ့ မျိုးဆက် Khit Thit, Myanmar Now တို့လို ပြည်ဖျက်မီဒီယာလေးတွေတောင် တိုးပွားလာပါသေးတယ်။


ဖြစ်ပေါ်ခဲ့တဲ့ နိုင်ငံရေးသင်ခန်းစာတွေကို ခြုံငုံသုံးသပ်ပြီး ဘယ်သူတွေအပေါ်မှာ သဘောထားကြီးသင့်သလဲ၊ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက်တွေအပေါ်မှာ သဘောထားကြီးခြင်းကြောင့် တိုင်းပြည်အတွက် ဘယ်လောက်တောင် နစ်နာဆုံးရှုံးခဲ့ရပြီလဲ။ တိုင်းပြည်ကို စီမံအုပ်ချုပ်တာ တည်ဆဲဥပဒေတွေနဲ့အညီ ဥပဒေစိုးမိုးရေးသာ အဓိကထားပြီး ပျက်ယွင်းနေတဲ့ ယန္တရားကို ထိန်းကျောင်းနိုင်ဖို့ နည်းလမ်းရှာကြရမယ်။ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက်တွေ မြန်မာ့မြေပေါ်မှာ ခြေချခွင့်မရအောင်၊ ပြည်သူတွေကို မဟုတ်မမှန် လုပ်ကြံဖန်တီးပြီး မှိုင်းတိုက်လို့ မရအောင် စနစ်တကျ လုပ်ဆောင်ရပါမယ်။ တပ်မတော်ခေါင်းဆောင်များရဲ့ သဘောထားကြီးမှုက တိုင်းပြည်အတွက် အကျိုးဖြစ်ထွန်းတယ်ဆိုရင်တော့ ပြောစရာ မရှိပါဘူး။ ကျေးဇူးတင်ရမှာပါ။ သဘောထား မကြီးသင့်တဲ့ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက်တွေအပေါ်မှာ သဘောထားကြီးခြင်းက များစွာ နစ်နာဆုံးရှုံးခဲ့ရတဲ့ သင်ခန်းစာတွေ ရခဲ့ပြီဖြစ်လို့ ဒီတစ်သက်တော့ ပြည်ဖျက်မိစ္ဆာတွေကို မြန်မာ့မြေပေါ် ခြေချခွင့် မပြုကြပါနဲ့တော့။ ဒါမှသာ ပြည်သူနဲ့ အစိုးရကြား နားလည်မှုရှိရှိနဲ့ တည်ငြိမ်အေးချမ်းတဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)