ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ မွေးမြူရေးလုပ်ငန်းအတွက် အကျိုးပြုသည့် တိရစ္ဆာန်အစာပင် (နေဗီယာမြက်) အားထားစိုက်ပျိုးလုပ်ကိုင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ မွေးမြူရေးလုပ်ငန်းအတွက် အကျိုးပြုသည့် တိရစ္ဆာန်အစာပင် (နေဗီယာမြက်) အားထားစိုက်ပျိုးလုပ်ကိုင်

 


MNP - နိုဝင်ဘာ  ၂၃


မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများက စိုက်ပျိုးရေးလုပ်ငန်းနှင့်တွဲဖက်ကာ မိသားစု ဝင်ငွေတိုးပွားရေးအတွက် တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းကို အားထားလုပ်ကိုင်ကြပြီး ထိုသို့ မွေးမြူလုပ်ကိုင်ရာ၌ ကျွဲ၊ နွား တိရစ္ဆာန်အတွက် အဓိကလိုအပ်သော တိရစ္ဆာန်အစာ ဖူလုံစေရန် နေဗီယာမြက်စိုက်ပျိုးခြင်းကို အားထားလုပ်ကိုင်ကြကြောင်း သိရသည်။


အဆိုပါ တိရစ္ဆန်အစာပင် (နေဗီယာမြက်) စိုက်ပျိုးရာတွင် ဒေသခံတောင်သူများ စနစ်တကျ စိုက်ပျိုးနိုင်ရန်နှင့် တိရစ္ဆာန်အစာအဖြစ် ပြုလုပ်သုံးစွဲပုံနည်းစနစ်များကို မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများက ဖြည့်ဆည်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရကာ ယခုအခါ ဒေသခံတောင်သူများ မိုးဦးမိုးဖြင့် အားထားစိုက်ပျိုးခဲ့သည့် တိရစ္ဆာန်အစာပင် နေဗီယာမြက်စိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်း လျက်ရှိကြောင်း သိရသည်။


"ကျွန်တော်တို့ မြို့နယ်က ဒေသခံတောင်သူတွေဟာ စိုက်ပျိုးရေးလုပ်ငန်းနဲ့ တွဲဖက်ပြီးတော့ တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းကိုလည်း လုပ်ကိုင်ကြပါတယ်။ အဓိက မွေးမြူလုပ်ကိုင်တဲ့ တိရစ္ဆာန်များကတော့ ကျွဲ ၊ နွား ၊ ဆိတ် ၊ ဝက် ၊ သိုး တို့ကို မွေးမြူလုပ်ကိုင်ကြတာပါ။  ကျွဲ နဲ့ နွားကတော့ စိုက်ပျိုးရေးလုပ်ငန်းမှာလည်း အသုံးချလုပ်ကိုင်တာဖြစ်လို့ တွင်ကျယ်စွာ မွေးမြူလုပ်ကိုင်ကြပါတယ်။ ကျွဲနွား တိရစ္ဆာန်တွေအတွက် အစာရှားပါးချိန်တွင် ဖူလုံစွာ ကျွေးမွေးနိုင်ရန်နှင့် အာဟာရပြည့်ဝသော ကျွဲနွားတိရစ္ဆန်များ ပိုမိုမွေးမြူထုတ်လုပ်သွားနိုင်ရန် ရည်ရွယ်ပြီးတော့ ယခုနှစ် မိုးရာသီမှာ နေဗီယာ မြက်စိုက်ပျိုးခြင်းကို တောင်သူတွေက အားထားလုပ်ကိုင်ကြတယ်။ နေဗီယာမြက်စိုက်ပျိုးတဲ့အတွက် ကျွဲနွားတိရစ္ဆာန်များကို လွှတ်ကျောင်းစနစ်မှ ခြံလှောင်စနစ်ဖြင့် စနစ်တကျ ပြောင်းလဲမွေးမြူနိုင်သလို ကြီးထွားဖွံ့ဖြိုးသော ကျွဲနွားတိရစ္ဆာန်များကို ပိုမိုမွေးမြူထုတ်လုပ်သွားနိုင်မှာ ဖြစ်ပါတယ်။ နောက်ပြီး နေဗီယာမြက်က နွားစာအဖြစ် ကျွေးမွေးပါက လိုအပ်သော အာဟာရဓာတ် ပမာဏများ ပြည့်ဝစွာ ရရှိတဲ့အတွက်ကြောင့် ကျွန်တော်တို့လို တောင်သူတွေအတွက် အလွန်အသုံးဝင်တဲ့ တိရစ္ဆာန် အစာပင်လည်း ဖြစ်ပါတယ်။ ခုဆိုရင် ကျွန်တော်တို့ တောင်သူတွေ မိုးဦးမိုးနဲ့ စိုက်ပျိုးခဲ့တဲ့ နေဗီယာမြက် စိုက်ခင်းတွေဟာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ကျွဲနွားတိရစ္ဆာန်များအတွက် လိုအပ်တဲ့ တိရစ္ဆာန်အစာ ပူပင်စရာ မလိုတော့ ပါဘူးဗျာ"ဟု ပွင့်ဖြူမြို့နယ် ကုလားကုန်းကျေးရွာမှ ဒေသခံတောင်သူ ဦးချိုဌေး က ပြောသည်။


ပွင့်ဖြူမြို့နယ်သည် မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက် အပါအဝင် ကျေးရွာအုပ်စု ၅၆ အုပ်စု ၊ ကျေးရွာပေါင်း ၂၀၅ ရွာ ရှိပြီး ဒေသခံပြည်သူများမှာ မဲဇလီရေလွှဲဆည်ရေနှင့် မုန်းချောင်းရေကို အမှီပြုပြီး တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းကို အားထားလုပ်ကိုင်ကြပြီး အချို့ကျေးရွာများတွင် ဒေသခံတောင်သူများက စိုက်ပျိုးရေးလုပ်ငန်းနှင့် တွဲဖက်ကာ တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်ကြသဖြင့် တိရစ္ဆာန်များအတွက် မရှိမဖြစ် လိုအပ်သော တိရစ္ဆာန်အစာ ဖူလုံစေရန် ယခုနှစ်တွင် နေဗီယာမြက် စိုက်ပျိုးခြင်းကို အားထားလုပ်ကိုင်ကြရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။


သတင်း - လှိုင်ဝင်းလေး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)