ဒွါဒသမအကြိမ် နေပြည်တော်ကောင်စီနှင့် ဌာနဆိုင်ရာမိသားစုများ၏ မဟာကထိန်အလှူတော်မင်္ဂလာအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒွါဒသမအကြိမ် နေပြည်တော်ကောင်စီနှင့် ဌာနဆိုင်ရာမိသားစုများ၏ မဟာကထိန်အလှူတော်မင်္ဂလာအခမ်းအနားကျင်းပ

 



MNP - နိုဝင်ဘာ   ၅


ဒွါဒသမအကြိမ် နေပြည်တော်ကောင်စီနှင့် ဌာနဆိုင်ရာမိသားစုများ၏ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ကျင်းပရာ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏ ဩဝါဒစရိယ၊ နိုင်ငံတော်သံဃမဟာနယကအဖွဲ့ဝင် ဆရာတော်၊ အောင်စည်သာပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တဝိစက္ခဏ မထေရ်မြတ်ကြီးအမှူးပြုသော ဆရာတော် သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။


အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့်ဇနီး ဒေါ်မေမြင့်မောင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြည်ညိုကြသည်။


ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က ခန်းမအတွင်း လှူဒါန်းရန်ခင်းကျင်းပြင်ဆင်ထားသည့် ပဒေသာပင်များအား လှည့်လည်ကြည့်ရှုသည်။


ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က ခန်းမအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညိုပြီး ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးနှင့် သစ်သီးတို့ကို ဆက်ကပ်လှူဒါန်းသည်။


ယင်းနောက် အခမ်းအနားအား နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏ ဩဝါဒစရိယ၊ နိုင်ငံတော်သံဃမဟာနယကအဖွဲ့ဝင် ဆရာတော်၊ အောင်စည်သာပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တဝိစက္ခဏ မထေရ်မြတ်ကြီးထံမှ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့်ဇနီး အမှူးပြုသော ဧည့်ပရိတ်သတ်များက ငါးပါးသီလခံ ယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များက ရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ်တရား တော်များကိုနာယူကြသည်။    


ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့်ဇနီး ဒေါ်မေမြင့်မောင်တို့က ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏ ဩဝါဒစရိယ၊ နိုင်ငံတော်သံဃမဟာနယက အဖွဲ့ဝင်ဆရာတော်၊ အောင်စည်သာပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တဝိစက္ခဏမထေရ်မြတ်ကြီးထံ ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကိုလည်းကောင်း၊ ကထိန်အလှူခံကျောင်းဖြစ်သည့် ဝင်တဲကူးကျောင်း တိုက်ဆရာတော်ထံ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကိုလည်းကောင်း ဆက်ကပ်လှူဒါန်းသည်။


ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ဒုတိယမြို့တော်ဝန်နှင့် နေပြည်တော်ကောင်စီအတွင်းရေးမှူးတို့က ဆရာတော် သံဃာတော်အရှင်သူမြတ်တို့အား ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို အသီးသီးဆက်ကပ်လှူဒါန်းကြသည်။


ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့် ဇနီးအမှူးပြုသော ဧည့်ပရိသတ်များက နေပြည်တော်တိုင်း သံဃမဟာနာယကဥက္ကဋ္ဌဆရာတော်၊ နေပြည်တော် ပျဉ်းမနားမြို့နယ်၊ သရက်ကုန်းကျောင်းတိုက် ပဓာနနာယကဆရာတော် ဒေါက်တာ ဘဒ္ဒန္တမုနိကုမာရ မထေရ်မြတ်ကြီးထံမှ ကထိန်အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။    


အခမ်းအနားအပြီးတွင်          ဆရာတော် သံဃာတော်များအား နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့်ဇနီး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများက နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။


ယနေ့ကျင်းပသည့် ဒွါဒသမအကြိမ် နေပြည်တော်ကောင်စီနှင့် ဌာနဆိုင်ရာမိသားစုများ၏ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲတွင် ပဒေသာပင်(၄၂)ခု စုစုပေါင်းတန်ဖိုး ငွေကျပ်(၂၁၀၅၅၃၆၀)ဖြစ်ကြောင်း သိရသည်။     


သတင်း - ထွန်းထွန်းဝင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)