မန္တလေးမှ ရန်ကုန်သို့ နှမ်းတင်ပို့ခဲ့ရာ ပွဲရုံမရောက်ဘဲ ကုန်ပစ္စည်းများပျောက်ဆုံး၍ ယာဉ်မောင်းထွက်ပြေးနေ၊ ယာဉ်ပိုင်ရှင်က ကုန်ပစ္စည်းများ တန်ဖိုး ပြန်လည်ပေးလျော်ပါမည်ဟု ကတိပြုပြီး တိမ်းရှောင်နေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးမှ ရန်ကုန်သို့ နှမ်းတင်ပို့ခဲ့ရာ ပွဲရုံမရောက်ဘဲ ကုန်ပစ္စည်းများပျောက်ဆုံး၍ ယာဉ်မောင်းထွက်ပြေးနေ၊ ယာဉ်ပိုင်ရှင်က ကုန်ပစ္စည်းများ တန်ဖိုး ပြန်လည်ပေးလျော်ပါမည်ဟု ကတိပြုပြီး တိမ်းရှောင်နေ

 





MNP ၊ နိုဝင်ဘာ ၃

မန္တလေး မှ ရန်ကုန်မြို့၊ ရွှေလင်ဗန်းစက်မှုဇုန် သို့၄-၁၀-၂၀၂၂ ရက်နေ့က  ပြည့်စုံကျော် ကားဂိတ်မှ တွဲခေါင်းအမှတ် 1N/8523 ယာဉ်ဖြင့် ဦးဇော်လင်း၊ ဒေါ်အောင်မေကြည်တို့၏  နှမ်းအိတ် (၇၅၀) ကာလတန်ဖိုး သိန်း(၁၅၀၀) ဖိုးခန့်အား တင်ဆောင်ခဲ့ရာ ယာဉ်မောင်းမှာ ပျောက်ဆုံးနေပြီး ကုန်ပစ္စည်းများ ပျောက်ဆုံးခဲ့သဖြင့် လိုက်လံစုံစမ်းရာ ကျောက်ဆည်တွင် ယာဉ်ပိုင်ရှင်ကို ရှာတွေ့ခဲ့ပြီး ကုန်ပစ္စည်းတန်ဖိုး ပေးလျှော်ပါမည်ဟု ကတိပြုပြီးနောက် ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရသည်။


ကုန်ပစ္စည်းပိုင်ရှင် ဒေါ်အောင်မေကြည် က "ပစ္စည်းတွေက ရန်ကုန်ကို ပို့ရမှာ။ ဆယ်လပိုင်း ၄ရက်နေ့က တင်လိုက်တာပေါ့။ ဂိတ်ကတော့ ပို့နေကျ ဂိတ်ပဲ။ ပြည့်စုံကျော်ဂိတ် ကနေပဲ အမြဲတမ်းတင်ပို့နေတာ။ ဂိတ်ကနေ ကားလွှတ်လိုက်တယ်။ ဂိုဒေါင်ကနေ လာတင်သွားတယ်။ ၇ ရက်နေ့ က ကားသမားကို ဖုန်းဆက်လိုက်တော့ ကားသမားက လမ်းမှာ ကလပ်ဘရိတ်ကြွေနေလို့ ဆိုပြီးပြောတာ။ ကျွန်မတို့ကလည်း သီတင်းကျွတ်လပြည့်နေ့၊ လပြည့်ကျော်တစ်ရက်နေ့ ဆိုတော့ ကုန်ချလို့လည်း ရမှာ မဟုတ်ဘူး။ ဘာသာရေးပွဲလမ်းသဘင်နဲ့ လူကြီးမိဘတွေကို ကန့်တော့ကြအုံးမှာ ဆိုပြီး နေလိုက်တာ။ အဲဒီအချိန်မှာ ကားသမား ဖုန်းက ခေါ်မရတော့ဘူး။ ကားက ရန်ကုန်မရောက်ဘူးဆိုတော့ လိုက်စုံစမ်းရတာပေါ့။ ဂိတ်မှူးကို ဆက်သွယ်ပြီး လိုက်စုံစမ်းခိုင်းတဲ့အခါကြတော့ ကားက ကျောက်ဆည်ကို ကျော်မသွားဘူး။ ကြားထဲက ဂိတ်တွေမှာ ကားဖြတ်သွားတဲ့ မှတ်တမ်းတွေ ရှိတယ်။ ထုံးဘိုဂိတ်၊ စဉ့်ကိုင်ဂိတ်မှာ တွေ့တယ်။ ကျောက်ဆည်ကိုတော့ မကျော်ဘူး။ အဲဒီမှာတင် ပျောက်သွားတော့တာ။" ဟု ပြောသည်။


ဂိတ်မှူးက ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ပြီး ရဲစခန်းမှ ဂိတ်မှူးနှင့် ပစ္စည်းရှင်များကို ဝိုင်းဝန်းစုံစမ်းရန် ပြောသဖြင့် လိုက်လံစုံစမ်းခဲ့ရာ ဒေါ်အောင်မေကြည် က "ကားကို တွေ့တယ်။ ရှေ့ခေါင်းရော၊ နောက်တွဲရော ကျောက်ဆည်မှာ တွေ့တယ်။ ကားအုံနာကိုလည်း တွေ့တယ်။ ကားဒရိုင်ဘာကိုတော့ ဖွက်ထားတဲ့ သဘောဖြစ်မှာပေါ့။ မတွေ့ဘူး။ ၁၃-၁၀-၂၀၂၂ ရက်နေ့ က ကျောက်ဆည်က ကောင်းစံထမင်းဆိုင်မှာ ဂိတ်မှူးနဲ့ လိုက်စုံစမ်းတာပါ။ ကားလည်းတွေ့၊ ပိုင်ရှင်လည်းရှိတယ်ဆိုတော့ ပိုင်ရှင်ကို ခေါ်ပြီးတော့မှ ဆွေးနွေးတဲ့အခါကြတော့ ကားပိုင်းရှင် သူလျော်ပါ့မယ်ဆိုပြီး ကတိပြုသွားတယ်။ ကျောက်ဆည်က အကိုတစ်ယောက်ကလည်း ကူညီပြီး ညှိနှိုင်းပေးတယ်။ နှမ်းတန်ဖိုးကို သူလျော်ပါ့မယ်တဲ့။ ဂိတ်မှူးကို တစ်ဝက်လျော်ရမယ်လို့ ပြောတယ်။ ဂိတ်မှူးက မင်းယာဉ်ပိုင်ရှင် (အုံနာ) မင်းတို့ကားက အလွဲသုံးစားလုပ်တာကို ငါက ဘာလို့ လျော်ရမလဲ ပြောတယ်။ အဲဒီ ပိုင်ရှင် က (၃)ရက် အချိန်ပေးပါတဲ့။ ဆရာတော်တစ်ပါးလည်း ညှိနှိုင်းပေးတဲ့အထဲမှာ ပါတယ်။ ၃ရက် မချိန်းဘဲ ၁၅ ရက်နေ့ ထပ်တွေ့မယ်ဆိုတော့ အတွေ့မခံတော့ဘူး။ ကားလည်း ပျောက်သွားတယ်။ သူတို့ကလည်း ပြေလည်အောင် ဖြေရှင်းပေးမယ့် ပုံစံမျိုး ပြောလို့ ကျွန်မတို့ က လက်ခံလိုက်တာ။ ၁၅ ရက်နေ့ကြတော့ လာလည်း မတွေ့တော့ဘူး။ ကားလည်းဖျောက်ပစ်လိုက်တော့တာပဲ။" ဟု ပြောသည်။


ပြည့်စုံကျော်ဂိတ်မှူးက တင်ပို့လိုက်သော ကုန်ပစ္စည်းများကို ဖျောက်ဖျက်လိုက်သည့် လုပ်ရပ်နှင့် ပတ်သက်၍ ယာဉ်မောင်း ကိုလူဝ(ခ) မြတ်ဟိန်းကို ကျောက်ဆည်မြို့၊ တံတားလည်ရပ်ကွက်နေသူအားအမှုဖွင့် တိုင်ကြားခဲ့ကြောင်း၊ တွေ့ဆုံပြီး ပစ္စည်းတန်ဖိုး ပေးလျော်ပါမည်ဟု ကတိပြုပြီးမှ တိမ်းရှောင်သွားသော ယာဉ်ပိုင်ရှင်ကိုထွန်းလင်း ကျောက်ဆည်မြို့၊ ကြက်မင်းတွန်ရပ်ကွက်နေသူအား ထပ်မံအမှုဖွင့် တိုင်ကြားရာ အမှုဖွင့်မပေးတော့ကြောင်း သိရသည်။


ကုန်ပစ္စည်းများမှာ အကြမ်းဖက်ဘေးအန္တရာယ်ရင်ဆိုင်နေရသည့် ဒေသမှ ဒေသခံများ၏ ကုန်ပစ္စည်းများဖြစ်ပြီး စားဝတ်နေရေး အဆင်ပြေစေရန် တာဝန်ခံ၍ ရောင်းချပေးနေခြင်းဖြစ်ရာ ယခုကဲ့သို့ ယာဉ်ပိုင်ရှင်နှင့် ယာဉ်မောင်း က ကုန်ပစ္စည်းများကို လိမ်လည် ဖျောက်ဖျက်လိုက်ခြင်းကြောင့် ဒေသခံများထံ ပေးချေရမည့် ကုန်ပစ္စည်းတန်ဖိုးမှာလည်း အခက်ကြုံနေရကြောင်း ကူညီဖြေရှင်းဆောင်ရွက်ပေးနေသည့် ဆရာတော် က မိန့်ကြားသည်။



https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)