မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမောင်ကို ညောင်ဦးခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုများအား ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမောင်ကို ညောင်ဦးခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုများအား ကွင်းဆင်းစစ်ဆေး




MNP - နိုဝင်ဘာ  ၂၃


 


မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဦးမောင်ကိုသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ညောင်ဦးခရိုင်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ကွင်းဆင်းစစ်ဆေးရန် ရောက်ရှိနေစဉ်  နိုဝင်ဘာ ၂၁ ရက်က ညောင်ဦးမြို့နယ်ရှိ ယွန်းပညာကောလိပ်(ပုဂံ)၊ မြစ်ရေတင်လုပ်ငန်းများနှင့် စိုက်ပျိုးရေးသုတေသနခြံနေရာသို့ သွားရောက်ခဲ့သည်။


ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ယွန်းပညာကောလိပ်(ပုဂံ)သို့ ရောက်ရှိပြီး ကောလိပ်အတွင်းရှိ ပျဉ်ပြားမင်းကြီး (အေဒီ ၈၄၆.၈၇၈) တည်ထားကိုးကွယ်ခဲ့သည့် သစ္စာရှင် ဘုရားကို ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်း၊ ဆီမီးနှင့်ဝတ္ထုငွေများဆက်ကပ်လှူဒါန်းပြီးနောက် ယွန်းနည်းစဉ် ခန်းမ၌ သင်တန်းသားသင်တန်းသူများမှ ကုန်ကြမ်းအခြေခံသည့် သစ်၊ ဝါးမှစ၍ ကုန်ချောအထိ ယွန်းပစ္စည်းများလက်တွေ့အဆင့်ဆင့်ပြုလုပ်နေမှုများအား ကြည့်ရှုအားပေးကာ ဝန်ကြီးချုပ်က ရှေးမူမပျက်လက်ဆင့်ကမ်းထိန်းသိမ်းလာခဲ့သည့် မြန်မာ့ရိုးရာ လက်မှုပညာရပ် များမှ တစ်ခုဖြစ်သည့် ယွန်းထည်လုပ်ငန်း အတတ်ပညာနှင့်နည်းစနစ်များကို တိမ်ကောပ ပျောက်မှုမရှိစေရန် ဆက်လက် ထိန်းသိမ်းရမည်ဖြစ်ကြောင်း၊ ယွန်းပညာကောလိပ်သည် အရှေ့တောင်အာရှတွင်တစ်ခုတည်းသော ယွန်းအတတ်ပညာများကိုသင်ကြားပို့ချနေပြီး မြန်မာ့လက်မှု ပညာအမွေအနှစ်များကို လက်ဆင့်ကမ်းထိန်းသိမ်းမည့် မျိုးဆက်လူငယ်များကို မွေးထုတ်ပေးနေသည့် နေရာလည်းဖြစ်ကြောင်း၊  သင်ယူထားသည့် မြန်မာ့ရိုးရာယဉ်ကျေးမှု လက်မှုပညာကို တန်ဖိုးထားပြီး  အတတ်ပညာများအား နည်းပညာရပ်များနှင့်ပေါင်းစပ်၍ ဆန်းသစ်သော လူမှု အသုံးအဆောင်ပစ္စည်းများထုတ်လုပ်နိုင်ရန် တီထွင်ကြံဆကြိုးစားနေရမည်ဖြစ်ကြောင်း ပြော ကြားကာသင်တန်းသူသင်တန်းသားများအား ချီးမြှင့် ငွေများပေးအပ်ပြီးနောက် ယွန်းပြတိုက်၊ ယွန်းအထူးပြခန်း၊ ယွန်းထည်ပြုလုပ်ပုံအဆင့်ဆင့်ပြခန်း၊ လူမှုရေးအသုံးအဆောင်ပစ္စည်းပြခန်း၊ နိုင်ငံတကာယွန်းပစ္စည်းပြခန်းများအတွင်း ပြသထားသော ပုဂံခေတ်မှစ၍ ခေတ်အဆက်ဆက် ဒေသအသီးသီးတို့မှ ရှေးဟောင်းယွန်းထည်ပစ္စည်းများဖြစ်သည့် ထီးသုံးနန်းသုံးပစ္စည်းများ၊ ဘာသာရေးနှင့်လူမှုရေးတို့တွင် အသုံးပြုသည့် အသုံးအဆောင်ပစ္စည်းများ၊ တူရိယာပစ္စည်းများ ကိုလိုက်လံကြည့်ရှုရာ ကျောင်းအုပ်ကြီးက လိုက်ပါရှင်းလင်းပြသခဲ့သည်။


၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညောင်ဦးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန အမှတ်(၁)နတ်သမီး ကမ်းပါးမြစ် ရေတင်လုပ်ငန်းသို့ ရောက်ရှိပြီး တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနညွှန်ကြားရေးမှူး ဦးကြည်စောမှ မြစ်ရေတင် စနစ်အား စနစ်(၂)မျိုးဖြင့် ရေပေးဝေဆောင်ရွက်နေမှု၊ လုပ်ငန်းများနှင့် စက်ပစ္စည်း များ ပြင်ဆင်ထိန်းသိမ်းဆောင်ရွက်မှုနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြရာ  တိုင်းဒေသကြီးဝန်ကြီးချုပ်က ပုဂံညောင်ဦးမြို့နယ်အတွင်းရှိ ရေမရရှိသေး သောကျေးရွာများအား ရေဖူလုံစွာရရှိနိုင်ရန်ဘဏ္ဍာနစ်အလိုက်ဆောင်ရွက်သွားရေး၊ စက်ပစ္စည်းများ၏ သက်တမ်းနှင့် သုံးစွဲမှု ကြာမြင့်လာသည်နှင့်အမျှစွမ်းရည်ကျဆင်းကာ လျှပ်စစ်ဓာတ်အား သုံးစွဲမှုပိုမိုကုန်ကျလာသည့်အတွက်  ဈေးနှုန်းသက်သာပြီး အရည် အသွေးမီစက်ပစ္စည်းများ အစား ထိုးတပ်ဆင်သွားရေး၊ လျှပ်စစ်ဓာတ်အားခ ကုန်ကျမှုသက်သာစေရန် ဆိုလာလျှပ်စစ်နှင့် တွဲသုံး ပါက ဖများစွာအကျိုးရှိမည်ဖြစ်ကြောင်း မှာကြာပြီး လုပ်ငန်းခွင်အတွင်းလိုက်လံကြည့်ရှုခဲ့သည်။


ထိုမှတဆင့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြို့လူထုအတွက် လိုအပ်နေသည့် မြို့နယ်ခန်းမတည်ဆောက်မည့် အမှတ်(၄) ရပ်ကွက်၊ သီရိပစ္စယာ တိုးချဲ့(၄)ရပ်သို့ ရောက်ရှိပြီး မြို့နယ် အင်ဂျင်နီယာမှူးမှ အာဇာနည်ပန်းခြံအနီး မြို့နယ်ခန်းမတည်ဆောက်မည့် မြေနေရာ အနေအထား၊ အဆိုပြုပုံစံတို့အားရှင်းလင်းတင်ရာ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၏ ဖြည့်စွက်ဆွေးနွေး တင်ပြချက်များပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပေါင်းစပ်ဆောင်ရွက်ပေးပြီး မြေနေရာ အနေ အထားအား  ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။


ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညောင်ဦးမြို့နယ် စိုက်ပျိုးရေးသုသေတန ခြံသို့ရောက်ရှိပြီး  ခြံတာဝန်ခံမှ ရည်ရွယ် ချက်များ၊ အဓိကသုတေသနပြုနေသောသီးနှံများ၊ သုတေသနလုပ်ငန်းစဉ်များ၊တွေ့ရှိထားသောသုတေသနရလဒ်များနှင့်ပတ်သက်၍ ရှင်း လင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ နိုင်ငံတော်ဝန်ကြီးချုပ်မှ  စိုက်ပျိုးရေးကဏ္ဍနှင့်တောင် သူများကို ဦးစားပေးပံ့ပိုးကူညီပေးရန် လမ်းညွှန် မှာကြားထားသည့်အပေါ် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အနီးကပ်ဆောင်ရွက်နေကြောင်း၊ စိုက်ပျိုး သီးနှံများအထွက်နှုန်း ကောင်းမွန်စေရန် အရည်အသွေးကောင်းမျိုးကောင်းမျိုးသန့် သီးနှံမျိူးများ ထုတ်လုပ်ရေးသည့်အပြင်ဌာန၏ ရည်ရွယ်ချက်များအား မြေပြင်တွင်ထိရောက်စွာ အောင်မြင် ဖြစ်ထွန်းရေး အလေးအနက်ဆောင်ရွက် ရန်မှာကြားပြီး ပြသထားသော စံနမူနာ သီးနှံမျိုးစေ့များ နှင့် စမ်းသပ်စိုက်ကွင်းအားကြည့်ရှုခဲ့သည်။


၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လောကနန္ဒာလျှပ်စစ်မြစ်ရေတင် စီမံကိန်းရှင်းလင်းဆောင်သို့ရောက်ရှိပြီး ဆည် မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှညွှန်ကြားရေးမှူး ဦးဝင်းနိုင်ဦးက  ညောင်ဦးခရိုင်ရှိ  ငါ့သရောက်၊ လက်ပံခြေပေါ်၊ သူကောင်းတည်၊ ကျောက်ကူး၊ လောကနန္ဒာ မြစ်ရေတင်လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ စိုက်ပျိုးရေပေးဝေမှု၊ လျှပ်စစ်ဓာတ်အားခများလျော့နည်းသက် သာစေရေးအတွက် ငါ့သရောက်နှင့် လက်ပံခြေပေါ် မြစ်ရေတင်လုပ်ငန်း(၂)ခု၏ ရေတင်အဆင့်(၂)များတွင် ဆိုလာစနစ်တွဲဖက်တပ်ဆင်ခြင်းလုပ်ငန်းကို တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးမှုစသည့် စီမံကိန်းဆိုင်ရာအချက် အလက်များ အား ရှင်းလင်းတင်ပြရာတိုင်းဒေသကြီး ဝန်ကြီးချုပ်က မြစ်ရေကျချိန် ရေစစ်ကာလတွင် သဲသောင်များဖြစ်ပေါ်၍ ပင်မရေတင်စခန်း ရေဝင်လမ်းကြောင်းပိတ်ဆို့မှုကြောင့် စိုက်ပျိုးရေပေးဝေရာတွင် အခက်အခဲများမရှိစေရေး ဆက်နွယ်ဌာန များနှင့်ပူးပေါင်းကာအလေးထား ဆောင် ရွက်ရန်၊ မြစ်ရေတင်လုပ်ငန်းများအား ဆိုလာစနစ်ဖြင့် တိုးချဲ့ မောင်းနှင်နိုင်ရေး၊ ရင်းနှီး မြှုပ်နှံမှု များကို အကျိုးရှိစွာအသုံးချရေးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းပြောကြားပြီးနောက် မြစ်ရေတင်လုပ်ငန်း ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုခဲ့သည်။


ထိုမှတဆင့် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်တွင်းပြည်ပခရီးသွားပြည်သူများ နေဝင်ဆည်းဆာ  ရှုခင်းအလှကြည့်ရှုနိုင်ရန်နှင့်အပန်းဖြေအနားယူနိုင်ရန်အတွက် လောကနန္ဒာဘုရားအနီးနှင့် ကျောက် မျက်မှော်ဘုရားအနီးတို့တွင် Park Views ဆောင်ရွက်နိုင်မည့်အခြေနေများ၊ မြေယာ ရှုခင်းနှင့် စိတ်ချမ်းမြေ့စွာနားနိုင်မည့်နေရာစသည့် ဆောင်ရွက်နိုင်မည့်လုပ်ငန်းအခြေအနေများကို လိုက်လံကြည့်ရှုပြီး သက်ဆိုင် ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။


သတင်း - ကိုကြေးမုံ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)