အင်းစိန်ဗဟိုအကျဉ်းထောင် ဝင်/ထွက်ဂိတ်ပေါက်ရှိ ပါဆယ်ထုပ် လက်ခံသည့် အဆောက်အဦ၌ ဖောက်ခွဲမှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အင်းစိန်ဗဟိုအကျဉ်းထောင် ဝင်/ထွက်ဂိတ်ပေါက်ရှိ ပါဆယ်ထုပ် လက်ခံသည့် အဆောက်အဦ၌ ဖောက်ခွဲမှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး






MNP ၊ နိုဝင်ဘာ ၁၄

၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့ နံနက် ၉ နာရီ ၄၀ မိနစ်အချိန် ရန်ကုန်တိုင်း ဒေသကြီး၊ အင်းစိန်မြို့နယ်၊ အင်းစိန်ဗဟိုအကျဉ်းထောင်၏ ဝင်/ထွက်ပေါက်ဂိတ်ရှိ အကျဉ်းသားများ အတွက် ပါဆယ်ထုပ်လက်ခံသည့် အဆောက်အဦအတွင်းနှင့် အပြင်ဘက်တို့တွင် အကြမ်းဖက် သမားများ၏ ပါဆယ်ထုပ်များအတွင်း မိုင်းများထည့်သွင်းဖောက်ခွဲခဲ့မှုကြောင့် တာဝန်ဝတ္တရားများ ဆောင်ရွက်လျက်ရှိကြသည့် အကျဉ်းထောင်ဝန်ထမ်း ၃ ဦးနှင့် အကျဉ်းသားများအတွက် ပါဆယ်ထုပ် လာရောက်ပေးပို့သူ အမျိုးသမီး ၅ ဦး၊ စုစုပေါင်း ၈ ဦးတို့တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြပြီး အကျဉ်းထောင်ဝန်ထမ်း ၅ ဦး၊ အကျဉ်းသားများအတွက် ပါဆယ်ထုပ်လာရောက်ပေးပို့သူ အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၈ ဦး၊ စုစုပေါင်း ၁၈ ဦးတို့တွင် မိုင်းစထိမှန်ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရရှိသူများအား အင်းစိန်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကာ လိုအပ်သော ဆေးဝါးကုသမှုများ ဆောင်ရွက် ပေးလျက်ရှိကြောင်းနှင့် ဖောက်ခွဲမှုကျူးလွန်ခဲ့သူများအား အင်းစိန်မြို့မရဲစခန်း(ပ) ၇၂၆/၂၀၂၂၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ဈ)/၅၄ တို့ဖြင့် အမှုဖွင့်လှစ်ကာ စုံစမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံပိုင်ရုပ်သံနှင့် သတင်းစာများ၌ အောက်တိုဘာလ ၁၉ ရက်နေ့က သတင်းထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါသည်။


အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်ဖောက်ခွဲမှုကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေး အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်မှုကိုမလိုလားသည့် တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍ အသွင်ယူသတင်းရယူ စုံစမ်းထောက်လှမ်းခြင်းနှင့် ခိုင်လုံသည့် လုံခြုံရေးမှတ်တမ်း အထောက်အထားများကို အခြေခံကာ ရရှိလာသော သတင်းများအား ကွင်းဆက်မပြတ် အပူတပြင်း လိုက်လံစုံစမ်းခဲ့ရာ အင်းစိန်ဗဟိုအကျဉ်းထောင်အား ဖောက်ခွဲမှုကျူးလွန်စဉ် မှတ်တမ်းတင် VIDEO ရိုက်ကူးခဲ့ပြီး လူမှုကွန်ရက် Social Media ပေါ်တွင် ထုတ်လွှင့်ဖော်ပြခဲ့သူ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၊ (၁၃၁)ရပ်ကွက်၊ မြတ်လေးလမ်း၊ အမှတ်(၂၈၀)နေ ချမ်းမြေ့သူ(ခ)ဂျူးဂျူး(ခ)JULU (၂၅)နှစ် (ဘ)ဦးအောင်ကြီးအား အောက်တိုဘာလ ၂၅ ရက်နေ့ ည ၆ နာရီ ၂၀ မိနစ်အချိန်တွင် ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ မင်းရဲကျော်စွာလမ်း၊ ဒဂုံတက္ကသိုလ်မှတ်တိုင်၌ စတင်ဖမ်းဆီးရမိခဲ့သည်။


ဖမ်းဆီးရမိသူ ချမ်းမြေ့သူ(ခ)ဂျူးဂျူး(ခ)JULU ၏ ထွက်ဆိုချက်အရ ဖောက်ခွဲမှုအား ၎င်း၏ ခင်ပွန်းဖြစ်သူ ကောင်းထက်(ခ)ဖိုးစီ(၂၅)နှစ်က ကျူးလွန်ခဲ့ကြောင်းနှင့် ၎င်းမှာ နေအိမ်၌ ရှိကြောင်း  သိရှိရသဖြင့် ဖမ်းဆီးနိုင်ရေးဆောင်ရွက်ခဲ့ရာ ကောင်းထက်(ခ)ဖိုးစီ(၂၅)နှစ် (ဘ)ဦးအောင်စိုးအား ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ (၁၃၁)ရပ်ကွက်၊ မြတ်လေးလမ်း၊ အမှတ်(၂၈၀)၌ ဖမ်းဆီးရမိခဲ့ပြီး နေအိမ်အတွင်း ဆက်လက်ရှာဖွေခဲ့ရာ ဖောက်ခွဲမှုကျူးလွန်စဉ် အသုံးပြုခဲ့သည့် 9MM ကျည်(၃၀) တောင့်၊ ဒီတိုနေတာ(၂)ချောင်း၊ လက်လုပ်မိုင်းဖောက်ခွဲရာတွင်အသုံးပြုခဲ့သည့် A,B,C,D ခလုတ် များပါ Digital Remote Controller တစ်ခု၊ Vinric စာတန်းပါ ဓာတ်ခဲအသေးတစ်လုံး၊ Alkaline စာတန်းပါ ဓာတ်ခဲအသေးတစ်လုံး၊ ပေါက်ကွဲမှုဖြစ်ပွားမှုအား Video ရိုက်ကူးရာတွင် အသုံးပြုသည့် ဖုန်းနံပါတ် 09-750048060 ၊ 09-950357050 Sim Card ၂ ကတ်ပါ Tecno Pova Neo အမျိုးအစား နက်ပြာရောင်ဖုန်းတစ်လုံး၊ Sim Card ၂ ကတ်ပါ Oppo A 5s အမျိုးအစား အနက်ရောင်ဖုန်းတစ်လုံး နှင့်  ပြစ်မှုကျူးလွန်စဉ်က ကောင်းထက်(ခ) ဖိုးစီနှင့် ချမ်းမြေ့သူ(ခ) ဂျူးဂျူး(ခ) JULU တို့ ၂ ဦး ဝတ်ဆင်ခဲ့သည့်အဝတ်အစားများကို သိမ်းဆည်းရမိခဲ့သည်။


ဖမ်းဆီးရမိသူများ၏ထွက်ဆိုချက်အရ ကောင်းထက်(ခ)ဖိုးစီသည် မြန်မာ့မီးရထား(ရန်ကုန်)၊ ဒီဇယ်စက်ခေါင်းပြင်အလုပ်ရုံ၊ လျှပ်စစ်ဌာန၌ အလုပ်လုပ်ကိုင်နေရာမှ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် CDM ပြုလုပ်ခဲ့ကြောင်း၊ ထို့နောက် ၎င်းသည် ဇနီးဖြစ်သူ ချမ်းမြေ့သူ(ခ)ဂျူးဂျူး(ခ) JULUနှင့်အတူ ရန်ကုန်မြို့အတွင်း၌ ဆူပူဆန္ဒပြခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ချမ်းမြေ့သူ(ခ)ဂျူးဂျူး (ခ)JULU သည် ၂၀၂၂ ခုနှစ် ဇန်နဝါရီလအတွင်း Z Fighter အမည်ခံအကြမ်းဖက်အဖွဲ့တွင် အဖွဲ့ဝင် အဖြစ်ပါဝင်ခဲ့ပြီး ၎င်း၏အဖွဲ့ဝင်အမှတ်မှာ ZF-026(MBR)ဖြစ်ကြောင်း၊ အဆိုပါအဖွဲ့တွင် အဖွဲ့ဝင် (၈၀)ဦးခန့်ရှိပြီး Telegram တွင် Group ဖွဲ့၍ Click To Donate ပြုလုပ်ခြင်း၊ အကြမ်းဖက်မှု လုပ်ရပ်များ ဆောင်ရွက်ခြင်း၊ အဖွဲ့ဝင်သစ်စုဆောင်းခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ သွားလာမှု များအား စောင့်ကြည့်သတင်းပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊


ကောင်းထက်(ခ) ဖိုးစီသည် ၂၀၂၂ ခုနှစ် ဧပြီလအတွင်း Facebook လူမှုကွန်ရက်စာမျက်နှာ အသုံးပြု၍ “PDF Brother” Page မှသိခဲ့သည့် “စွန်ရဲ”အမည်ခံ အမျိုးသမီး(ဖမ်းဆီးရန်ကျန်)က Signal မှ ဆက်သွယ်ကာ ၎င်းအား “Special Task Agency Of Burma (STA) အထူးတာဝန် လုပ်ငန်းအဖွဲ့အမည်ခံ အကြမ်းဖက်အဖွဲ့၌ အဖွဲ့ဝင်အဖြစ် လက်ခံခဲ့ကြောင်းနှင့် အကြမ်းဖက်မှုများ လုပ်ဆောင်ရန် လစဉ်တစ်သိန်းကျပ်ထောက်ပံ့ခဲ့ကြောင်း၊ ၎င်းအား အဆိုပါအဖွဲ့တွင် ပစ္စည်းထိန်း တာဝန်ပေးအပ်ခဲ့ပြီး “စွန်ရဲ”အမည်ခံ အမျိုးသမီး(ဖမ်းဆီးရန်ကျန်)၏ ချိတ်ဆက်ပေးမှုဖြင့် ၂၀၂၂ ခုနှစ်၊ ဇွန်လနှင့် ဩဂုတ်လများအတွင်း ၎င်းတို့အဖွဲ့ဝင်များအကြား အကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်ခဲယမ်းများအား သယ်ဆောင်ခြင်း၊ ပို့ဆောင်ပေးခြင်းများ ပြုလုပ်ရကြောင်း၊


ကောင်းထက်(ခ) ဖိုးစီသည် ၎င်း၏ဇနီး ချမ်းမြေ့သူ(ခ)ဂျူးဂျူး(ခ) JULU အား STA  အဖွဲ့မှ “စွန်ရဲ”ဆိုသူ အမျိုးသမီးနှင့် ချိတ်ဆက်၍ အောက်တိုဘာလ ၁ ရက်နေ့တွင် အဖွဲ့ဝင်အဖြစ် ဝင်ရောက်စေခဲ့ပြီး အကြမ်းဖက်မှုလုပ်ရပ်များအား ပါဝင်လုပ်ကိုင်စေခဲ့ကြောင်း ထွက်ဆိုခဲ့သည်။


အင်းစိန်ဗဟိုအကျဉ်းထောင်ဖောက်ခွဲခဲ့မှုနှင့်ပတ်သက်၍ ကောင်းထက်(ခ)ဖိုးစီ၏ထွက်ဆို ချက်အရ ၎င်းထံသို့ အောက်တိုဘာလ ၁၀ ရက် ညပိုင်းက “စွန်ရဲ”အမည်ခံအမျိုးသမီးက Signal မှ ဆက်သွယ်ကာ အင်းစိန်ဗဟိုအကျဉ်းထောင်အား ဖောက်ခွဲတိုက်ခိုက်ရန်နှင့် ၎င်းတိုက်ခိုက် မှုအား ကျော်ဟိန်း(ဖမ်းဆီးရန်ကျန်)နှင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အင်းစိန်ဗဟိုအကျဉ်းထောင် ၏ဝင်/ထွက်ပေါက်ရှိ လူဝင်/ထွက်စာရင်းမှတ်သည့်နေရာနှင့် ပစ္စည်းလက်ခံသည့်နေရာတို့ကို ကြီးကြပ် သည့် ဒုထောင်မှူးနှင့် ထောင်ဝန်ထမ်းများအား ပစ်မှတ်ထားတိုက်ခိုက်ရန် စေခိုင်းခဲ့ကြောင်း၊ ထို့နောက် အောက်တိုဘာလ ၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်တွင် ၎င်းထံသို့ “စွန်ရဲ” အမည်ခံအမျိုးသမီးက ထပ်မံဆက်သွယ်ကာ အကျဉ်းထောင်၏ ဂိတ်ဝင်/ထွက်ပေါက်အား ဖောက်ခွဲမှု ပြုလုပ်ရန်အတွက် လက်လုပ်မိုင်းများ နေရာချထားခြင်းအား ၎င်းနှင့် ကျော်ဟိန်း (ဖမ်းဆီးရန်ကျန်) တို့မှ ဆောင်ရွက်ရန်၊ နေရာချထားပြီးပါက ၎င်းမှ အဝေးထိန်း Remote ဖြင့် ဖောက်ခွဲရန်၊ ထိုသို့ ဖောက်ခွဲတိုက်ခိုက်မှုအား ၎င်း၏ဇနီး ချမ်းမြေ့သူ(ခ)ဂျူးဂျူး(ခ)JULU မှ မှတ်တမ်းတင် VIDEO ရိုက်ကူးရန်နှင့် ၎င်းတို့ ဖောက်ခွဲတိုက်ခိုက်မှုများအတွက် စောင့်ကြည့်ခြင်းများအား “စွန်ရဲ”မှ အခြား သူများဖြင့် စောင့်ကြည့်ပေးသွားမည်ဟု ပြောကြားခဲ့ကြောင်း ထွက်ဆိုခဲ့သည်။


အောက်တိုဘာလ ၁၈ ရက်နေ့ နံနက် ၉ နာရီအချိန်ခန့်တွင် ကောင်းထက်(ခ)ဖိုးစီနှင့် ကျော်ဟိန်း(ဖမ်းဆီးရန်ကျန်)တို့သည်  အင်းစိန်ဗဟိုအကျဉ်းထောင်အနီး သွားရောက်၍ လက်လုပ် မိုင်းများ ချထားမည့်နေရာနှင့် ၎င်းတို့ပြန်ထွက်မည့်လမ်းကြောင်းများအား သွားရောက်ကြည့်ရှုခဲ့ကြ ကြောင်း၊


အကြမ်းဖက်ဖောက်ခွဲရာတွင် အသုံးပြုမည့် လက်လုပ်မိုင်းများအား “စွန်ရဲ”အမည်ခံ အမျိုးသမီး၏ ချိတ်ဆက်ပေးမှုဖြင့် အောက်တိုဘာလ ၁၈ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ပြည်ထောင်စုလမ်းပေါ်ရှိ ယောက်ကော်ကားမှတ်တိုင်၌ အမျိုးသား ၂ ဦး(စိစစ်ဆဲ)က စက်ဘီးတစ်စီးဖြင့် ရောက်ရှိလာပြီး ပီနံအိတ်အဖြူရောင်ဖြင့် ထည့်ထားသည့် လက်လုပ်မိုင်း ၃ လုံးအား ပေးခဲ့သဖြင့် သယ်ဆောင်လာပြီး ၎င်းအလုပ်လုပ်ကိုင်သည့် တာမွေ မြို့နယ်၊ ဘိုးလိန်းအောင်မင်္ဂလာရပ်ကွက်၊ စံပယ်လမ်းနှင့် ကံ့ကော်လမ်းထောင့်ရှိ Dr.Doe ဆေးကုမ္ပဏီ လှေကားအောက်၌ သိမ်းဆည်းထားခဲ့ကြောင်း ထွက်ဆိုခဲ့သည်။


ဆက်လက်၍ အောက်တိုဘာလ ၁၉ ရက်နေ့ နံနက် ၇ နာရီအချိန်တွင် ကောင်းထက်(ခ) ဖိုးစီသည် လက်လုပ်မိုင်းများထည့်ထားသည့်အထုပ်အား အငှားယာဉ်ဖြင့်တင်ဆောင်ကာ ကျော်ဟိန်း (ဖမ်းဆီးရန်ကျန်)နှင့် ချိန်းဆိုထားသည့် အင်းစိန်မြို့နယ်၊ ပေါက်တောဝမီးပွိုင့်အနီးရှိ ဒါရ်ကာဗလီသို့ သွားရောက်ခဲ့ကြောင်း၊ ဗလီသို့ ရောက်ရှိချိန်တွင် ကျော်ဟိန်း(ဖမ်းဆီးရန်ကျန်)နှင့် တွေ့ဆုံကာ လက်လုပ်မိုင်းများဖြင့် ပါဆယ်ထုပ်ပြုလုပ်ရန် မုန့်များနှင့် တစ်ရှူးများဝယ်ယူ၍ ပါဆယ်ထုပ်များ ပြုလုပ်ခဲ့ပြီး ပါဆယ်ထုပ်များအတွင်း၌ လက်လုပ်မိုင်းများတပ်ဆင်ခြင်းအား ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ပြင်ဆင်နေစဉ် ချမ်းမြေ့သူ (ခ)ဂျူးဂျူး(ခ)JULU မှာ အင်းစိန်ဗဟိုအကျဉ်းထောင်အရှေ့ လမ်းတစ်ဖက်ခြမ်း မုန့်ဟင်းခါးဆိုင်၌ ထိုင်ကာ ပေါက်ကွဲမှုဖြစ်စဉ်အား မှတ်တမ်းတင် Video ရိုက်ကူးရန် စောင့်ဆိုင်းနေခဲ့ကြောင်း၊ ထို့နောက် ကောင်းထက်(ခ)ဖိုးစီသည် လက်လုပ်မိုင်းထည့်ထားသည့် ပါဆယ်အထုပ် တစ်ထုပ်အားလည်းကောင်း၊ ကျော်ဟိန်း(ဖမ်းဆီးရန်ကျန်)မှ ပါဆယ်အထုပ် ၂ ထုပ်အားလည်းကောင်း သယ်ဆောင်ကာ အကျဉ်းထောင်ဝင်/ထွက်ပေါက်သို့ သွားရောက်ခဲ့ပြီး ၎င်းကိုင်ဆောင်ခဲ့သည့် ပါဆယ်အထုပ်အား ဝင်ပေါက်အနီးရှိ အမှိုက်ပုံးပေါ်တွင်လည်းကောင်း၊ ကျော်ဟိန်း (ဖမ်းဆီးရန်ကျန်) ထံမှ အထုပ် ၂ ထုပ်အား လူဝင်/ထွက် စာရင်းလုပ်သည့်နေရာအနီးနှင့် ပါဆယ်လက်ခံသည့်ဌာန ကောင်တာပေါ်တို့တွင်လည်းကောင်းချထားခဲ့ပြီး ပြန်လည်ထွက်ခွာခဲ့ကာ ထောင်နှင့် မျက်နှာချင်းဆိုင် လမ်းတစ်ဖက်ခြမ်းမှ အခြေအနေအား စောင့်ကြည့်နေခဲ့ကြကြောင်း၊ဆက်လက်၍ ကောင်းထက်(ခ)ဖိုးစီက ချမ်းမြေ့သူ(ခ)ဂျူးဂျူး(ခ)JULU အား Video ရိုက်ကူးရန် သတိပေးပြီးနောက် မြင့်မိုရ်လမ်းအတွင်းမှနေ၍ အဝေးထိန်း Remote Controller အားနှိပ်၍ ဖောက်ခွဲခဲ့ရာ ၎င်းတို့ ထောင်ထားသည့် လက်လုပ်မိုင်း ၃ လုံးအနက် ဝင်ပေါက်အနီးရှိ အမှိုက်ပုံး ပေါ်နှင့် ပါဆယ်လက်ခံသည့်ဌာန ကောင်တာပေါ်တို့တွင် ထောင်ထားခဲ့သည့် လက်လုပ်မိုင်း ၂ လုံးသာ ပေါက်ကွဲခဲ့ပြီး ကျန်တစ်လုံးမှာ ပေါက်ကွဲခဲ့ခြင်းမရှိကြောင်း၊ ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ကောင်းထက်(ခ)ဖိုးစီနှင့် ကျော်ဟိန်း(ဖမ်းဆီးရန်ကျန်)တို့ ၂ ဦးမှာ အင်းစိန်ကုန်းကျော် တံတား ဘက်မှတစ်ဆင့် အငှားယာဉ်ဖြင့် ၎င်းတို့၏နေအိမ်များသို့ ပြန်ခဲ့ကြကြောင်း၊ ထိုသို့ ဖောက်ခွဲမှုပြုလုပ် ခဲ့မှုအား ချမ်းမြေ့သူ(ခ) ဂျူးဂျူး(ခ) JULU မှ မှတ်တမ်းတင် Video ရိုက်ကူးကာ YBS ယာဉ်ဖြင့် ၎င်းအလုပ်လုပ်ကိုင်သည့် မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ယုဇနပလာဇာသို့ ပြန်ခဲ့ကြောင်း၊၎င်းနောက် ချမ်းမြေ့သူ(ခ) ဂျူးဂျူး(ခ) JULUသည် ၎င်းရိုက်ကူးထားသည့် Video မှတ်တမ်းအား “စွန်ရဲ”ဆိုသူထံ signal မှ ပေးပို့ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။


ဆက်လက်ဖော်ထုတ်ချက်အရ ကောင်းထက်(ခ) ဖိုးစီသည် “Special Task Agency Of Burma (STA) အထူးတာဝန် လုပ်ငန်းအဖွဲ့” အမည်ခံ အကြမ်းဖက်အဖွဲ့၏စေခိုင်းချက်အရ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက် မွန်းလွဲ ၂ နာရီ ၃၅ မိနစ်အချိန် သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန် ရပ်ကွက်၊ ဦးဘဟန်လမ်းရှိ သင်္ဃန်းကျွန်းမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီး ဌာနမှ ဦးစီးမှူး ဦးဝင်းနိုင်ထွေးနှင့် ဒုဦးစီးမှူး ဦးကျော်မိုးတို့အား သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် ဖြစ်စဉ်တွင် အခြေအနေ စောင့်ကြည့်ပေးခြင်းဖြင့် အကြမ်းဖက်မှုလုပ်ရပ်များကို ပူးပေါင်းပါဝင် ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။


ဖြစ်စဉ်တွင် ဖမ်းဆီးရမိသည့် ကောင်းထက်(ခ)ဖိုးစီနှင့် ချမ်းမြေ့သူ(ခ) ဂျူးဂျူး(ခ) JULU တို့ ၂ ဦးအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေးနှင့် ၎င်းတို့နှင့် ပူးပေါင်းပါဝင်ကျူးလွန်ခဲ့ကြသည့် ဖမ်းဆီးရန်ကျန်တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက် ဆောင်ရွက်လျက်ရှိပြီး အဆိုပါ အင်းစိန်ဗဟိုအကျဉ်းထောင်ပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်၍ Facebook လူမှုကွန်ရက်စာမျက်နှာများပေါ်၌ “Special Task Agency Of Burma (STA) အထူး တာဝန်လုပ်ငန်းအဖွဲ့”အမည်ခံ အကြမ်းဖက်အဖွဲ့က ပေါက်ကွဲမှုဖြစ်စဉ်ဖြစ်ပွားပြီး နာရီပိုင်းအတွင်း အဆိုပါဖောက်ခွဲမှုကို ၎င်းတို့အဖွဲ့မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သော်လည်း အချို့သော အကြမ်းဖက်အားပေး သတင်းမီဒီယာ Page များနှင့် Website များမှ လုံခြုံရေးတပ်ဖွဲ့ ဝင်များအပေါ် အများပြည်သူလူထုက အထင်အမြင်လွဲမှားစေရေး မဟုတ်မမှန်သတင်းအမှားများ လုပ်ကြံရေးသား၍ သတင်းအဆိပ်တိုက်ကျွေးနေမှုများအား မိဘပြည်သူများအနေဖြင့် သတင်းအမှန် သိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)