တန်ဆောင်မုန်းလပြည့်နေ့တွင် ရွှေတိဂုံစေတီတော်ရှိ ဘုရားငါးဆူ၌ ရွှေကြာသင်္ကန်း ကပ်လှူပူ‌ဇော်မည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တန်ဆောင်မုန်းလပြည့်နေ့တွင် ရွှေတိဂုံစေတီတော်ရှိ ဘုရားငါးဆူ၌ ရွှေကြာသင်္ကန်း ကပ်လှူပူ‌ဇော်မည်



MNP - နိုဝင်ဘာ   ၂


၁၃၈၄ ခုနှစ် တန်ဆောင်မုန်းလပြည့်နေ့တွင် ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် အထက်ပစ္စယာရှိ ပတ္တမြားမျက်ရှင်ဗုဒ္ဓရုပ်ပွားတော်နှင့် အာရုံခံတန်ဆောင်းလေးခု၌ရှိသည့် ဘုရားလေးဆူတို့အား ရွှေကြာသင်္ကန်းကပ်လှူပူဇော်ခြင်းနှင့် သစ်သီးဆွမ်းကပ်လှူခြင်းတို့ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့မှ သိရသည်။


တန်ဆောင်မုန်းလပြည့်နေ့ နံနက်၆နာရီတွင် မြတ်စွာဘုရားအား အာရုဏ်ဆွမ်းကပ်လှူမည်ဖြစ်ပြီး အာရုံခံတန်ဆောင်းလေးခုရှိ ဘုရားလေးဆူနှင့် အထက်ပစ္စယာ၌ရှိသည့် ပတ္တမြားမျက်ရှင်ဗုဒ္ဓရုပ်ပွားတော်တို့အား ရွှေကြာသင်္ကန်းကပ်လှူရန် စီစဉ်ထားကြောင်း သိရသည်။


ထို့ပြင် နိုဝင်ဘာ ၄ ရက်တွင် ကထိန်ပွဲကို ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ အကျဉ်းရုံးပြီးကျင်းပမည်ဖြစ်ကြောင်း၊ အဖိတ်နေ့နှင့် တန်ဆောင်မုန်းလပြည့်နေ့တို့တွင် ဆီမီးပူဇော်ခြင်းကို ကြိုတင်စာရင်းပေးသွင်းထားသည့် အလှူရှင်များ၏ အစီအစဉ်ဖြင့်သာ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။


“ဒီနှစ်မှာတော့ရွှေတိဂုံစေတီတော်မှာ မသိုးသင်္ကန်းရက်လုပ်ပူဇော်တဲ့ပွဲမကျင်းပဖြစ်ပါဘူး။ ရွှေကြာသင်္ကန်းပဲကပ်လှူမှာဖြစ်တယ်။ ဘုရားငါးဆူမှာရွှေကြာသင်္ကန်းကပ်လှူမယ်၊ လပြည့်နေ့နံနက် ၆ နာရီမှာအရုဏ်ဆွမ်းကပ်လှူမယ်" ဟု ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။


ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလမတိုင်မီက ရွှေတိဂုံစေတီတော်တွင် နှစ်စဉ်တန်ဆောင်မုန်းလပြည့်နေ့တိုင်း မသိုးရွှေကြာသင်္ကန်း ကပ်လှူခြင်းများ ပြုလုပ်ခဲ့သော်လည်း ယခုအခါ ရွှေကြာသင်္ကန်းကိုသာ ကပ်လှူပူဇော်မည်ဖြစ်သည်။


ရွှေတိဂုံစေတီတော်အား နံနက် ၅ နာရီမှ ည ၈ နာရီအထိ ဖူးမြော်ခွင့်ပြုထားပြီး အစိုးရရုံးဖွင့်ရက်များတွင် တစ်ရက်လျှင် လာရောက်ဖူးမြော်သူဦးရေ နှစ်သောင်းဝန်းကျင်ရှိကာ စနေ၊ တနင်္ဂနွေကဲ့သို့ရုံးပိတ်ရက်များတွင် လာရောက်ဖူးမြော်သူဦးရေ ငါးသောင်းခန့်ရှိကြောင်း ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့မှ သိရသည်။


သတင်း - အောင်မြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)