တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်






MNP ၊ နိုဝင်ဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက မြောင်းမြမြို့နယ်သို့ သွားရောက်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။


ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်သည် မြောင်းမြမြို့နယ်၊ ငှက်ပျောတောကျေးရွာအုပ်စု၊ စစ်ကုန်းကျေးရွာရှိ တောင်သူဦးကိုကြီး၏ လယ်ဧက (၁၁)ဧက၌ ရက်-၉၀ အမျိုးအစား နွေစပါး စိုက်ပျိုးရန်အတွက် စုပေါင်းထွန်ယက်နေမှုအား ကြည့်ရှုအားပေးကာ တောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ မိုးစပါးတစ်ဧကအထွက်နှုန်း၊ ဈေးကွက်အတွင်း ရောင်းချရမှုများနှင့် သိရှိလိုသည်များအား မေးမြန်းခဲ့ရာ တောင်သူများက ပြန်လည်ဖြေကြားခဲ့သည်။


ထို့နောက်တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ပေသလပ်ကုန်း-ပြင်ရွာလမ်း ၁မိုင်၁.၁ဖာလုံ ကွန်ကရစ်ခင်းခြင်း လုပ်ငန်းနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လပွတ်ကုလား ကျေးရွာအုပ်စု ကားလမ်းဘေး ဝဲ၊ ယာရှိ လပွတ်ကုလားမြောင်း အလျား ၃.၈၄၅ မိုင်၊ ထိပ်ဝအကျယ် ၁၈ ပေ၊ အောက်ခြေအကျယ် ၆ ပေ၊ ပျမ်းမျှအနက် ၆ ပေ ရေမြောင်းတူးဖော်ခြင်း လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လမ်းပုခုံးများ စနစ်ကျကောင်းမွန်ရေး၊ လုပ်ငန်းဆောင်ရွက်ရာတွင် သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းများပြည့်မီရေး၊ သတ်မှတ်ထားသော ဘဏ္ဍာနှစ်အတွင်းလုပ်ငန်းများ ပြီးစီးစေရေးနှင့် လုပ်ငန်းခွင်အတွင်း အန္တရာယ်ကင်းရှင်းစေရေးအတွက် အလေးထား ဆောင်ရွက်ရေးတို့ကို မှာကြားကာ ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ စိုက်ပျိုးရေရရှိရေး၊ နွေစပါးစိုက်ပျိုးရေး၊ ဆီထွက်သီးနှံနေကြာစိုက်ပျိုးရေး တို့ကို အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ရာ၌ ဒေသခံတောင်သူများမှ "၂၀၂၁ ခုနှစ်၊ နွေစပါးရာသီတွင် စိုက်ပျိုးရေရရှိမှု အခက်အခဲကြောင့် စိုက်ဧကပြည့်မီအောင် စိုက်ပျိုးနိုင်ခြင်းမရှိခဲ့ပါကြောင်း၊ ယခုနှစ် နွေစပါးရာသီတွင် စိုက်ပျိုးရေအပြည့်အ၀ ရရှိရေးအတွက် တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေဖြင့် ရေမြောင်းများ တူးဖော်ပေးနေပြီဖြစ်ရာ နွေစပါးစိုက်ဧက ၄၀၀ ခန့် စိုက်ပျိုးနိုင်မည်ဖြစ်သဖြင့် ရိုးပြတ်ကျန်ဧကများ လျော့နည်းလာမည်ဖြစ်ပြီး စပါး ၆ မျိုးအုပ်စုဝင် အထွက်နှုန်းကောင်းမွန်သည့် စပါးမျိုးများ စိုက်ပျိုးနိုင်မည်ဖြစ်သည့်အတွက် ဒေသခံတောင်သူများ ဝမ်းသာလျက်ရှိပြီး စိုက်ပျိုးရေ အပြည့်အဝရရှိအောင် အကောင်အထည်ဖော် ဆောင်ရွက်ပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း" ပြန်လည်ဆွေးနွေးခဲ့ကြသည်။


ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပြင်ရွာအခြေခံပညာထက်တန်းကျောင်း၊ မြရေအေးခန်းမ၌ တက္ကသိုလ်ဝင်စားမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာများနှင့်တွေ့ဆုံ၍ “၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်စွာ ဖြေဆိုနိုင်ရေး ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းတွင်းနှင့် ပြင်ပဖြေ ကျောင်းသား၊ ကျောင်းသူများ အောင်ချက်မြင့်မားရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဖြေဆိုမည့်သူများသည် စာသင်ကြားပေးသည့်နေရာ တစ်ခုခုတွင် တက်ရောက်သင်ယူနေမှသာ အောင်မြင်စွာဖြေဆိုနိုင်မည် ဖြစ်ပါကြောင်း၊ ယခုပညာသင်နှစ်တွင် ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား ဆရာ၊ ဆရာမများ၊ အုပ်ချုပ်ရေးအဖွဲ့များနှင့် ကျောင်းသားမိဘများက ပူးပေါင်းကူညီ ဆောင်ရွက်ပေးကြရန်နှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ကလည်း တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးအတွက် အလေးထား ပံ့ပိုးပေးလျက်ရှိပါကြောင်း” အားပေးစကားများ ပြောကြားပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျောင်းတွင်းနှင့် ပြင်ပဖြေ ကျောင်းသား၊ ကျောင်းသူများအတွက် စာရေးကိရိယာပစ္စည်းများနှင့် ဆရာ၊ ဆရာမများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပြင်ရွာတိုက်နယ်ဆေးရုံသို့ သွားရောက်၍ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့ပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။


လှမင်းထွဋ်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)