ရှားပါးစာအုပ်ပြပွဲ၊ ကလေးစာကြည့်တိုက်အစီအစဉ်နှင့် အမှတ်တရဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှားပါးစာအုပ်ပြပွဲ၊ ကလေးစာကြည့်တိုက်အစီအစဉ်နှင့် အမှတ်တရဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပ

 


MNP ၊ နိုဝင်ဘာ ၂၆

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊ အမျိုးသားစာကြည့်တိုက်(နေပြည်တော်)၌ ရှားပါးစာအုပ်ပြပွဲ၊ ကလေးစာကြည့်တိုက်အစီအစဉ်နှင့် အမှတ်တရဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က ကျင်းပခဲ့သည်။


အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက ရှားပါးစာအုပ်ပြပွဲ၊ ကလေးစာကြည့်တိုက်အစီအစဉ်နှင့် အမှတ်တရဈေးရောင်းပွဲတော်ကို အသိပညာဗဟုသုတရှာဖွေသူ ပြည်သူလူထုကို အထောက် အပံ့ဖြစ်စေရန်၊ စာဖတ်ရှိန်မြင့်မားရေးနှင့် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ ဘဝနေထိုင်ရေးတွင် အထောက်အကူဖြစ်စေမည့် ဗဟုသုတဆိုင်ရာစာအုပ်စာပေများကို လက်တွေ့အကျိုးရှိစွာ အသုံးပြု နိုင်စေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ကြောင်း၊ အမျိုးသားစာကြည့်တိုက်(နေပြည်တော်)တွင် မြန်မာဘာသာစာအုပ်များ၊ အင်္ဂလိပ်ဘာသာစာအုပ်များ၊ ဘွဲ့ယူကျမ်းများ၊ ပြည်ပမှထုတ်ဝေသည့် မြန်မာနိုင်ငံအကြောင်းဆိုင်ရာစာစုများ၊ စာနယ်ဇင်းများ၊ ရှေးဟောင်းပေစာ၊ ပုရပိုက်များစသည့် စာပေ အနုပညာပစ္စည်းများကို စုဆောင်းထိန်းသိမ်းပြီး အများပြည်သူကို ဝန်ဆောင်မှုများပေးလျက်ရှိကြောင်း၊ ထို့အပြင် e-Library စာဖတ်ခန်းတွင်လည်း အင်တာနက်ကိုအသုံးပြု၍ စာပေဗဟုသုတများကို ရှာဖွေဖတ်ရှုနိုင်ပြီဖြစ်ပါကြောင်း၊ အမျိုးသားစာကြည့်တိုက်၏ ရည်မှန်းချက်ဖြစ်သည့် “အမျိုးသားစာပေ အမွေအနှစ်များ စုဆောင်းထိန်းသိမ်းဝန်ဆောင်မှုပေးရာ ဗဟိုဌာနဖြစ်လာစေရန်”ဆိုသည့် ရည်မှန်း ချက်နှင့်အညီ မြန်မာနိုင်ငံအရပ်ရပ်တွင်ရှိသည့် ရှေးဟောင်းစာပေအမွေအနှစ်များကို စုဆောင်းခြင်း၊ ခေတ်မီနည်းစနစ်များဖြင့် ထိန်းသိမ်းဆောင်ရွက်ခြင်း၊ ရှေးဟောင်းပေစာ၊ ပုရပိုက်စာများကို ဒစ်ဂျစ်တယ် ပုံစံဖြင့် အများပြည်သူဖတ်ရှုနိုင်ရန်လည်း စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိကကျသည့် လူ့စွမ်းအားအရင်းအမြစ်တိုးတက်မြင့်မားရေးအတွက် အသိပညာဗဟုသုတရှာမှီးရေးသည် အလွန်အရေးကြီးပါကြောင်း။


အသိပညာဗဟုသုတ၏ အခြေခံသည် စာပေဖြစ်သည့်အတွက် စာပေမြင့်မှ လူမျိုးမြင့်မည်ဆိုသည့် ဆောင်ပုဒ်အတိုင်း စာပေနယ်ပယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာကြည့်တိုက်များက တစ်ဖက်တစ်လမ်းမှ ပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကလေးစာကြည့်တိုက်အစီအစဉ်အနေဖြင့် ကလေးများစာကြည့်တိုက် အသုံးပြုမှု ရင်းနှီးကျွမ်းဝင်စေရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာဖတ်ခြင်းအလေ့အထ ပြုစုပျိုးထောင်ပေး နိုင်ရေး၊ ပြင်ပဗဟုသုတနှင့် အတွေ့အကြုံကောင်းများရရှိစေရေးအတွက် နေပြည်တော်ဝန်းကျင်ရှိ အခြေခံ ပညာကျောင်းများ၊ ပုဂ္ဂလိကကျောင်းများနှင့် ချိတ်ဆက်ဆောင်ရွက်သည့် အစီအစဉ်များလည်း ပါရှိမည်ဖြစ် ပါကြောင်း၊ ပျော်ပွဲရွှင်ပွဲ၊ အမှတ်တရဈေးရောင်းပွဲလည်း ပါရှိမည်ဖြစ်ပါကြောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ဝေသည့် စာအုပ်များ၊ ပြင်ပမှစာအုပ်အရောင်းဆိုင်များ၊ စာကြည့်တိုက် အမှတ်တရပစ္စည်းများနှင့် အစားအသောက်များရောင်းချသွားမည်ဖြစ်ကြောင်း၊ အနာဂတ်မျိုးဆက် သစ်ကလေးများအား စာများများဖတ်ရန် တိုက်တွန်းလိုပါကြောင်း၊ ကံချင်းတူလျှင် ဉာဏ်ရှိသူကရှေ့သို့ ရောက်ပါကြောင်း၊ ဉာဏ်ချင်းတူလျှင် ဝီရိယရှိသူကသာပါကြောင်း၊ ဝီရိယရှိသူချင်းတူလျှင် စာဖတ်သူက ရှေ့သို့ရောက်မည်ဖြစ်ပါကြောင်း ပြောကြားသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုနှင့် ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးအေးထွန်း၊ ဒေါက်တာမိုးဇော်ထွန်းတို့ကအခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး ရှားပါးစာအုပ်ပြပွဲ ခင်းကျင်း ထားမှုများနှင့် ကလေးစာကြည့်တိုက်အစီအစဉ် ကျင်းပနေမှုများကို ကြည့်ရှုကြသည်။ ရှားပါးစာအုပ် ပြပွဲ၊ ကလေးစာကြည့်တိုက်အစီအစဉ်နှင့် အမှတ်တရဈေးရောင်းပွဲတော်ကို ယနေ့မှ နိုဝင်ဘာ ၂၇ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)