MNP - နိုဝင်ဘာ ၇
မွန်ပြည်နယ် မုဒုံမြို့တွင် (၉၆) ကြိမ်မြောက် မသိုးသင်္ကန်းကပ်လှူပူဇော်ပွဲကို ယမန်နေ့ညက သမိုင်းဝင် ဆံတော်ရှင်ကန်ကြီး စေတီတော်ရင်ပြင်၌ ကျင်းပသည်။
ရှေးဦးစွာ ကန်ကြီးစေတီတော် သြဝါဒါစရိယဆရာတော် ယာဝဘောဇနကျောင်းမှ ဘဒ္ဒန္တ ကေတုဝါရ၊ မုဒုံမြို့နယ်တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး ကျော်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်း၊ ကန်ကြီးစေတီတော်ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿ သုံးကြိမ် ဘုရားရှိခိုး ကန်တော့ကြပြီး ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်သည်။ ဆက်လက်၍ အလှူရှင်နှင့် တာဝန်ရှိသူများက ဆရာတော်ကြီးထံ မသိုးသင်္ကန်း ဆက်ကပ်လှူဒါန်းပြီး စေတီတော်အား လက်ယာရစ်တစ်ပတ်ပတ်ကာ စေတီတော်ကြီးတွင် ကပ်လှူပူဇော်ခဲ့သည်။
ထို့နောက် မြို့အတွင်းရှိ ကန်ကြီးစေတီတော်၊ နောင်တော်ကြီးစေတီတော်၊ ကျိုက်ကမော့လေးတောင်ပေါ် စေတီတော်၊ တောင်ခြေစေတီတော်၊ ဆုတောင်းပြည့်စေတီတော်၊ သင်္ဘောဦးစေတီတော်၊ ပြည်တော်အေးဆုတောင်းပြည့် စေတီတော်နှင့် ဘိုးဘွားရိပ်သာစေတီတော်ဘုရားတို့တွင် တာဝန်ရှိသူများနှင့် လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များတို့က သွားရောက်ကပ်လှူ ပူဇော်ခဲ့ကြကြောင်း သိရသည်။
သတင်း - သားငယ်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment