ရွှေတိဂုံစေတီတော် ၁၃၈၄ ခုနှစ် တန်ဆောင်မုန်းလပြည့်နေ့(သာမညဖလအခါတော်နေ့) ကထိန်ရွှေကြာသင်္ကန်းကပ်လှူပူဇော်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတိဂုံစေတီတော် ၁၃၈၄ ခုနှစ် တန်ဆောင်မုန်းလပြည့်နေ့(သာမညဖလအခါတော်နေ့) ကထိန်ရွှေကြာသင်္ကန်းကပ်လှူပူဇော်ပွဲကျင်းပ




MNP - နိုဝင်ဘာ ၈


ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကကြီးမှူး၍ ၁၃၈၄ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့)ကို ယမန်နေ့နံနက် ၆ နာရီအချိန်တွင် ရင်ပြင်တော်တောင်ဘက် ဧည့်ခံတန်ဆောင်း၌ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းများ၊ ဝန်ထမ်းများက ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီး၊ အမွှေးနံ့သာများဖြင့် စေတီတော်မြတ်ကြီးအား ဆွမ်းတော်ကြီးကပ်လှူပူဇော်ကြသည်။


ယင်းနောက် နံနက် ၇ နာရီအချိန်တွင် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းများ၊ ဝန်ထမ်းများသည် ကထိန်ရွှေကြာသင်္ကန်းများကိုင်ဆောင်၍ စေတီတော်ကြီးအား လက်ယာရစ်တစ်ပတ်လှည့်လည်ပြီးနောက် အာရုံခံမုခ်ဦး ၄ ခုရှိ ပွင့်တော်မူပြီးသော ဘုရားလေးဆူတို့၏ ရုပ်ပွားတော်များနှင့်အထက်ပစ္စယံရှိ ပတ္တမြားမျက်ရှင်ရုပ်ပွားတော်တို့အား ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များက ကထိန်ရွှေကြာသင်္ကန်းများ ကပ်လှူပူဇော်ကြသည်။


ဆက်လက်၍ နံနက် ၉ နာရီခွဲအချိန်တွင် ရင်ပြင်တော်တောင်ဘက် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်ကြီးများထံမှ သာမညဖလအခါတော်နေ့ဆိုင်ရာတရားတော်များ နာကြားခြင်းနှင့် ရေစက်ချအခမ်းအနားကို ကျင်းပရာနိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ ပါဠိတက္ကသိုလ်ညောင်တုန်းကျောင်းတိုက် ပဓာနနာယကဆရာတော်ဘဒ္ဒန္တပဝရာဘိဝံသထံမှ ဧည့်ပရိသတ်အပေါင်းတို့က နဝင်္ဂသီလခံယူဆောက်တည်ကြပြီး ဩဝါဒါစရိယဆရာတော်ကြီးများအား ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များက လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြသည်။


ထို့နောက်ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ တိပိဋကဓရတိပိဋကကောဝိ ရွေးချယ်ရေးအဖွဲ့ဩဝါဒါစရိယ၊ တိပိဋကဓရ-ဓမ္မဘဏ္ဍာဂါရိက၊ အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တဝါယာမိန္ဒာဘိဝံသ (ရေစကြိုဆရာတော်)ထံမှ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအနုမောဒနာတရားနာကြား၍ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး ဩဝါဒါစရိယဆရာတော်ကြီးများအား ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များက နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


သတင်း - အောင်မြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)