မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ(ဖလား) အလွတ်တန်းဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ(ဖလား) အလွတ်တန်းဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

 



MNP - နိုဝင်ဘာ   ၅


မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စုရှိ လုပ်သား ပြည်သူများအနေဖြင့် အားကစားနှင့် စိတ်ဓာတ်ခွန်အား မြင့်မားလာစေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ(ဖလား) အလွတ်တန်းဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက မြို့နယ်အားကစားပြိုင်ဝင်းအတွင်းရှိ မီတာ(၄၀၀)ဘောလုံးကွင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပသည်။


ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်းက တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေး၊ စိတ်ဓာတ်ကောင်းမွန်ဉာဏ်ရည်မြင့်မားသော အားကစားသမားများပေါ်ထွန်းရေး၊ မြို့နယ်အတွင်းရှိ လုပ်သားပြည်သူများ မူးယစ်ဆေးဝါးကင်းစင်၍ လူ့စွမ်းအားအရင်းအမြစ်များမွေး ထုတ်ပေးနိုင်ရန်နှင့် လူတန်းစားအသီးသီး ချစ်ကြည်ရင်းနှီးမှုများ ပိုမိုရရှိစေကာ ရပ်ကွက်/ကျေးရွာမှစ၍ မြို့နယ်၊ ပြည်နယ်မှတစ်ဆင့် နိုင်ငံအတွက် မျိုးဆက်သစ်အား ကစားသမားကောင်းများ ပေါ်ထွက်လာစေရန်အတွက် ပြိုင်ပွဲကိုကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် ပြိုင်ပွဲဝင် အားကစားသမားများက အားကစားသစ္စာအဓိဌာန်ရွက်ဆိုပြီး ကျောင်းသား/သူ လူငယ်လူရွယ်အားကစားအဖွဲ့များမှ မြန်မာ့သိုင်း ၊ Fitness Dance ၊ တပင်တိုင်အကများဖြင့် ဖျော်ဖြေပေးခဲ့ကာ မြို့နယ်တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီးကျော်ဝင်းနှင့် တာဝန်ရှိသူများက ကျောင်းသား/သူများကို အသီးသီးဂုဏ်ပြုဆုချီးမြှင့်ပေးအပ်ခဲ့သည်။


အဆိုပါ ပြိုင်ပွဲတွင် ဌာနဆိုင်ရာများ၊ ရပ်ကွက် / ကျေးရွာအုပ်စုများမှ ပြိုင်ပွဲဝင်အသင်း (၁၂)သင်းတို့က နိုဝင်ဘာ ၄ ရက်နေ့မှ ၂၅ ရက်နေ့အထိ ယှဉ်ပြိုင်သွားကြမည်ဖြစ်ရာ ပထမပွဲစဉ်အဖြစ် ဘော်ဒါအသင်းနှင့် ရွှေကွေ့ဝမ်းအသင်းတို့က စတင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။


သတင်း - သားငယ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)