တစ်ခါတစ်ခေါက်တော့ လာရောက် လည်ပတ်စေချင် ထားဝယ်မြို့က မောင်းမကန် ကမ်းခြေဆီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တစ်ခါတစ်ခေါက်တော့ လာရောက် လည်ပတ်စေချင် ထားဝယ်မြို့က မောင်းမကန် ကမ်းခြေဆီ

 



MNP - နိုဝင်ဘာ  ၂၇ 


လူတိုင်းလူတိုင်းသည် နေ့စဉ်နှင့်အမျှ ရုန်းကန်လှုပ်ရှားသွားလာနေရသောနိုင်ငံ့ဝန်ထမ်းများ၊ မိသားစုဘဝအတွက်နှင့် မိမိဘဝအတွက် ရုန်းကန် လှုပ်ရှားနေရသဖြင့် စိတ်ရော၊ ခန္ဓာကိုယ်ပါ ပင်ပန်းနွမ်း နယ်နေကြရသည်။ ယင်းသို့ ပင်ပန်းလျက်နှင့်ပင် မိသားစုစားဝတ်နေရေးအတွက် စိတ်အားတင်းကာမဖြစ်မနေ ရုန်းကန်နေကြရပြန်သည်။ လူအများစုသည် စီးပွားရေး၊ လူမှုရေးလုပ်ငန်းများဖြင့်သာ အချိန်ကုန်နေကြရင်း အနားယူအပန်းဖြေရမှန်းပင် သတိမထားမိဘဲ မျက်ကွယ်ပြုနေကြရသည်။ ဘဝပျော်ရွှင်ရေးအတွက် လူတိုင်းလူတိုင်းသည် အား လပ်ချိန်အနည်းငယ်ပေးပြီး အပန်းဖြေခရီးသွားရင်းဖြင့် စိတ်ရောကိုယ်ပါ အပန်းဖြေ အနားယူသင့်သည်။


အပန်းဖြေခရီးသွားခြင်းသည်ကျန်းမာစေခြင်း၊စိတ်ရွှင်လန်းစေခြင်း၊ အသိအမြင်ဗဟုသုတတိုးပွားစေခြင်း၊ ပေါင်းသင်းဆက်ဆံရေးနယ်ပယ် ကျယ်ပြန့်စေ ခြင်း၊ လေကောင်းလေသန့်များ ရှူရှိုက်ရခြင်း၊ စိတ်သစ်လူသစ် ခွန်အားသစ်များ ဖွံ့ဖြိုးစည်ပင်စေခြင်း စသည့် အကျိုးတရားများစွာအပြင် စီးပွားရေးနယ်ပယ် အသစ်၊ စိတ်ကူးစိတ်သန်းအသစ်တို့ အတွက်လမ်းဖွင့်ပေးမည့်အခွင့်အရေးများ ကိုလည်း ဖော်ဆောင်ပေးမည်ဖြစ်သည်။ ပျော်ရွှင်ကြည်နူးမှု၊ စိတ်ချမ်းသာမှုများကိုလည်း လက်တွေ့ ခံစားရမည်ဖြစ်သည်။ 


မောင်းမကန်ကမ်းခြေသည် ကမ်းခြေ၏တစ်ဖက်တွင် တောင်တန်းကြီးများနှင့် တစ်ဖက်တွင်ပင်လယ်တည်ရှိသော လှပရှုမောဖွယ်ကောင်း သော ကမ်းခြေဒေသတစ်ခုဖြစ်ပါသည်။ မောင်းမကန် ကမ်းခြေသည် ထားဝယ်မြို့မှ (၁၉) ကီလိုမီတာအကွာတွင် တည်ရှိပါသည်။ မောင်းမကန်ကမ်းခြေသို့ လာရောက်လည်ပတ်ကြသည့် ခရီးသွားဧည့်သည်များသည် ကမ်းခြေမှ နာရီဝက်ခန့် လမ်းလျှောက် ကာ ကမ်းစပ်တွင် လှေငယ်လေးများကို မေးတင်ထားသည့် ချစ်စရာ ကောင်းသော တံငါရွာလေးများသို့ လာရောက် လည်ပတ်လေ့လာနိုင်မည်ဖြစ်ပါသည်။


မောင်းမကန်သည်ကမ်းခြေမြို့လေးတစ်မြို့ဖြစ်သည်နှင့်အညီ ထားဝယ်မြို့သည် အသက်ရှူမှားလောက်အောင် ရင်သပ်ရှုမောဖွယ် လှပသော နိုင်ငံခြားခရီးသွားဧည့်သည်များအား ဆွဲဆောင်သည့်ထင်ရှားကျော်ကြားသော ပင်လယ်ကမ်းခြေပေါများသည့် ခရီးစဉ်ဒေသ ကမ်းခြေမြို့တစ်မြို့ဖြစ် သည်။ ထင်ရှားကျော်ကြား လူသိများသည့် ကမ်းခြေများမှ တစ်ခုဖြစ်သော မောင်းမကန်ကမ်းခြေ သည် သန့်ရှင်းလတ်ဆတ်သော လေပြေလေညှင်းလေးများ၊ စိတ်အာရုံကို ကြည်လင်ငြိမ်းအေးစွာ အနားယူ အပန်းဖြေနိုင်သော စိတ်ဖိစီးမှုများမှ အဝေးသို့ ဖြေလျော့ပေးနိုင်သော ရှုခင်းများနှင့် ပြည့် နှက်နေသော ပင်လယ်ကမ်းခြေတစ်ခု ဖြစ်ပါသည်။


၎င်းကမ်းခြေတွင် တည်ရှိသည့် များပြားလှစွာသော စားသောက်ဆိုင်ကြီးများနှင့် ကော်ဖီဆိုင်များတွင် ကမ်းခြေသို့ လာရောက်လည်ပတ်ကြသော ခရီးသွားဧည့်သည်များအားလုံးသည် သန့်ရှင်းလတ်ဆတ် ချိုမြိန်လှသော ပင်လယ်စာ အစားအသောက်များကို မြိန်ရေယှက်ရေ အားပါးတရ စားသောက်နိုင် မည်ဖြစ်ပါသည်။ တစ်ခေါက်တစ်ခါ လာရောက် လည်ပတ်ရန် ထိုက်တန်သော သာယာလှပသည့် အခြားသော ကမ်းခြေများဖြစ်ပါသည်။


ထို့အပြင်ထားဝယ်မြို့၏ အနီးအနားပတ်ဝန်းကျင်တွင် ထူးခြားလှပသော လည်ပတ်ဖွယ်ရာ ကျွန်း ပေါင်းများစွာရှိသည်။ ကပ္ပလီ ပင်လယ် အတွင်းရှိ လောင်းလုံးဘုတ်ကျွန်းနှင့် ပိန်းဇင်ကျွန်းများသည် ထားဝယ်မြို့ပတ်ဝန်းကျင်ရှိ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှု အများဆုံးကျွန်းများအဖြစ်တည်ရှိနေကြပါသည်။ ခရီးသွားဧည့်သည် များအနေဖြင့် ထိုကျွန်းများပေါ်မှ ကြည့်ရှုခံစားရသော နေဝင်ဆည်းဆာ ပန်းချီကားသည် ကြည့်ရှု ခံစားရသူတိုင်း အတွက် ဘဝ၏ အမှတ်တရတစ်ခု အဖြစ် ကျန်ရှိမည့်ရသအား ပေးစွမ်းနိုင်သောနေရာများဖြစ်မည် ဟုထင်မြင်မိပါသည်။


မောင်းမကန်ကမ်းခြေအကြောင်း လေ့လာကြည့်ရာ မောင်းမကန်ကမ်း ခြေသည် ယခုနောက်ပိုင်းမှ ပေါ်ပေါက်လာသည့် ကမ်းခြေမဟုတ်ဘဲ ရှေးယခင် မြန်မာမင်းများလက်ထက်ကပင် သမိုင်းအမည် တွင်ခဲ့သော ကမ်းခြေတစ်ခုဖြစ် ကြောင်း သိရသည်။ ကျန်စစ်သားမင်း၏မြေးတော် အလောင်းစည်သူ မင်းကြီးသည် မောင်းမမိဿံများနှင့်အတူ ကရဝိက်ဖောင်တော်ဖြင့် တိုင်းခန်းလှည့်လည် ခဲ့ရာ ယခု မောင်းမကန်ကမ်းခြေဖြစ်လာမည့် နေရာတွင် မောင်းမမိဿံများက ပင်လယ်ရေငန်ချိုးပြီး ရေချို ချိုးရန် ရေသန့်ကန်တစ်ခုကို တူးဖော်ခဲ့သည်။ ယင်းကို အကြောင်းပြု၍ မောင်းမကန်ကမ်းခြေဟု အမည်တွင်ခဲ့သည်ဟု လေ့လာသိရှိခဲ့ရပြီး ယနေ့တိုင် လူသိများထင်ရှားသည့် ကမ်းခြေတစ်ခု ဖြစ်နေ ပေသည်။ 

ကမ်းခြေအနေအထားကို ကြည့်လိုက်လျှင် တောင်နှင့်မြောက် အလျားလိုက်သည် သုံးမိုင်ခန့် ရှည် လျားကာ ပင်လယ်ကမ်းစပ်သည်လည်း ပြေပြစ် သည်။ ကျောက်ဆောင်များ၊ ချောက်များလည်း မရှိ ဘဲ ရေကျသွားသည့်အခါ သောင်ပြင်က ကျယ်လှသည်။ သဲပြင်ကလည်း မာနေသောကြောင့် လမ်းလျှောက်သွားရန် အလွန်ကောင်းသည်။ စက်ဘီး၊ ဆိုင်ကယ်လည်း စီး၍ရသည်။ ကမ်းခြေတစ် လျှောက်တွင် သက်တမ်းနှစ် ၇၀ ခန့်ရှိသော ပင်လယ်ကဗွီးပင် တန်းများကိုလည်း တွေ့ရမည်။ ယင်း အပင်သည် ထင်းရှူးပင်နှင့်တူသော ကြောင့် ပင်လယ်ထင်းရှူးဟုလည်း ခေါ်ကြသည်။


 မောင်းမကန်ကမ်းခြေ၏ အလှမောင်းမကန်ကမ်းခြေသည် ညနေ နေဝင်ချိန်တွင် ပုစွန်ဆီအရောင် သမ်း၍ မိုးကုတ် စက်ဝိုင်း မှာ ရောင်စုံအလှအပများဖြင့် ကြည့်မဆုံးနိုင်အောင်ပင် သာယာလှပသော ကြည်နူးဖွယ်ရာ မြင်ကွင်းတစ်ခု ဖြစ်သည်။မောင်းမကန် ကမ်းခြေ၏ နေဝင်ချိန် သဘာဝအလှကို အေးအေးဆေးဆေးထိုင်ကြည့်ပြီး တိုက်ခတ်လာသော ပင်လယ်လေအေးကလည်း လာရောက် အပန်းဖြေသူများ၏ စိတ်ကို ကြည်နူးပီတိဖြစ်စေနိုင်သည်။


မောင်းမကန်ကမ်းခြေသို့ ထားဝယ်မြို့၊ လောင်းလုံးမြို့၊ ရေဖြူမြို့နှင့်သရက်ချောင်းမြို့တို့မှ ကား၊ ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်များဖြင့် အလွယ်တကူ နေ့ညမရွေး သွားလာနိုင်သည်။ ယခုလို ပွင့်လင်းရာသီ ကာလတွင် လာရောက် လည်ပတ်သူများဖြင့်စည်းကာလျက်ရှိသည်။ လာရောက်လည်ပတ် အပန်း ဖြေကြမည့် မိသားစုများ၊ အစုအဖွဲ့များ တည်းခိုရန် ဘန်ဂလိုများ၊ တည်းခိုခန်းများလည်း အသင့် ရှိနေကြောင်း သိရသည်။ ဒေသထွက် ပင်လယ်အစားအစာများကို စားသောက်ရင်း ပင်လယ်ထွက် ပစ္စည်းများဖြင့် အလှဆင်ထားသော ခရုလည်ဆွဲ၊ ခရုနှင့် ပြုလုပ်ထားသော အရုပ်မျိုးစုံ စသည်တို့ကိုလည်း မောင်းမကန်ဒေသ၏ အမှတ်တရလက်ဆောင်များအဖြစ် ဝယ်ယူ၍ရနိုင်ပါမည်။


နိုင်ငံတစ်ဝန်းရှိ ကမ်းခြေများအနက် တနင်္သာရီတိုင်းဒေသကြီး၏ အထင် ကရနေရာတစ်ခုဖြစ်ပြီး ထားဝယ်ဒေသ၏ ထင်ရှားလှသော မောင်းမကန် ကမ်းခြေသို့ ''မွန်းဂံကလိုင်း လောင်းဂီး လိုက်စီးပါ လာမိ''ဆိုသည့် ထားဝယ်သီချင်းဖြင့် ရပ်ဝေးရပ်နီးမှ မိတ်ဆွေအပေါင်းနှင့်ခရီးသွားလာ ဧည့်သည် များအား ခင်မင်ရင်းနှီးစွာဖြင့်တစ်ခါတစ်ခေါက်တော့ လာရောက် လည်ပတ်ကြပါဟု ထားဝယ်သံဝဲဝဲ ဖြင့်ဖိတ်ခေါ်လိုက်ရပါသည်။


သတင်း - ကျော်ကျော်လတ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)